ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများတွင် သင်ကြားနေသော စာသင်သားများအား မျက်စိစမ်းသပ်စစ်ဆေးပေးခြင်းနှင့် ထောက်ပံ့ငွေပေးအပ်၊ ယဉ်ကျေးမှုပြတိုက်သို့သွားရောက် ကြည့်ရှုစစ်ဆေး

လွိုင်ကော် မတ် ၇

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်သည့် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများတွင် သင်ကြားနေသော စာသင်သားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် မျက်စိစမ်းသပ်စစ်ဆေးခြင်းကို ယမန်နေ့နံနက်က လွိုင်ကော်မြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး မျက်စိကုသဆောင်တွင် ဆောင်ရွက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က စာသင်ဝိုင်းများမှ သင်တန်းသားများအား စာပေအလင်းရောင်သာမက မျက်စိအလင်းရောင်ကိုပါ ပေးအပ်ခွင့်ရသည့်အတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ စာဖတ်တတ်ရုံသာမက စာဖတ်နိုင်သည့်အမြင်အာရုံ ပိုမိုကောင်းမွန်လာသည့်အတွက် စာဖတ်စွမ်းရည်တိုးတက်လာမည်ဖြစ်ကြောင်း၊ စာသင်ဝိုင်းပြင်ပတွင်လည်း ဆက်လက်ဖတ်ရှုလေ့လာသင်ယူသွားကြရန် လိုအပ်ပါကြောင်း  ပြောကြားပြီး မျက်စိစမ်းသပ်မှုခံယူမည့် စာသင်သား (၄၀) ဦးအား ထောက်ပံ့ငွေများပေးအပ်သည်။ ထို့နောက် မျက်စိစမ်းသပ် စစ်ဆေးမှုခံယူနေမှုများအား လှည့်လည်ကြည့်ရှုအားပေးပြီး စမ်းသပ်စစ်ဆေးပြီးသည့် စာသင်သားများအား မျက်မှန်များ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်အောင်အကောင်အထည်‌ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်က လွိုင်ကော်မြို့ရှိ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (လွိုင်ကော်ဌာနခွဲ) ယဉ်ကျေးမှုပြတိုက်သို့ရောက်ရှိကာ ပြတိုက်ခင်းကျင်းပြသထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ကယားတိုင်းရင်းသားမျိုးနွယ်စုတို့၏ ဝတ်စားဆင်ယင်မှုပြခန်း၊ အဆင်တန်ဆာပြခန်း၊  အသုံးအဆောင်ပစ္စည်းများပြခန်း၊ ရိုးရာနေထိုင်မှုအိမ်ပုံစံငယ်ပြခန်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပြခန်းနှင့် ရည်ညွှန်းစာကြည့်တိုက်ရှိ စာအုပ်စာစောင်များကို လည့်လည်ကြည့်ရှု စစ်ဆေးရာ ပြတိုက်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ပြည်နယ်ဝန်ကြီးချုပ်က ပြတိုက်ပရဝုဏ်အတွင်း စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ရန်၊ ခင်းကျင်းပြသထားရှိသည့် ပစ္စည်းများ ဘဏ္ဍာနှစ်အလိုက် တိုးတက်ရရှိစေရေး စီမံဆောင်ရွက်ရန်၊ ပြတိုက်ရှိ ရည်ညွှန်းစာကြည့်တိုက်တွင် အသင်းဝင်တိုးပွားရေး၊ စာဖတ်စာငှား တိုးပွားရေး၊ စာအုပ်စာစောင်တိုးတက်ရရှိစေရေးဆောင်ရွက်သွားရန်နှင့် ပြတိုက်သို့ အများပြည်သူနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာနိုင်ရေး စီမံဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)