မအူပင်မြို့၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်မြေစိုက်ပိုစတာစိုက်ထူ

မအူပင် မတ် ၆

ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၆ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် World Consumer Rights Day ကို ဂုဏ်ပြုသောအားဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စားသုံးသူအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနား ကျင်းပ ပြုလုပ်သည်။

ယခုနှစ်မြေစိုက်ပိုစတာ၏ အဓိကရည်ရွယ်ချက်မှာ ပြည်သူများ မိမိတို့၏စားသုံးသူအခွင့်အရေး (Consumer Rights) ကို ပိုမိုသိရှိနားလည်လာစေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး စံချိန်စံညွှန်းပြည့်မီစေရန်၊ နစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအား လူထုကြားပျံ့နှံ့စေရန် ရည်ရွယ်၍ လူစည်ကားရာ‌နေရာဖြစ်သည့် အမှတ် (၂) ရပ်ကွက်၊ (၃)လမ်းထိပ်၊ နယ်မြေခံမီးသတ်ရုံးရှေ့၌စိုက်ထူ၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် တာဝန်ရှိသူ များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွေးနံ့သာရေများပက်ဖျန်းခဲ့ကြသည်။

အဆိုပါမြေစိုက်ပိုစတာစိုက်ထူပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ‌စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများမှ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် သီချင်းဖြင့် သရုပ်ဖော်အသိပညာပေးခြင်း၊ ပြည်သူများအား လက်ကမ်းစာစောင်များအခမဲ့ ဖြန့်ဝေ‌ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အောင်မြင့်မြတ်(ပြန်/ဆက်)