သံတောင်ကြီးဒေသတွင် နနွင်းများ စိုက်ပျိုးအောင်မြင်ပြီး ဈေးကောင်းရရှိ

သံတောင်ကြီး  မတ် ၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်းဖာလာပင်၊ ကွမ်းသီး စသည့်နှစ်ရှည်ပင်များကို အသက်မွေးဝမ်းမှုအဖြင့် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ အဆိုပါနှစ်ရှည်ပင်များအပြင် နှစ်တိုပင်ဖြစ်သည့် နနွင်းကိုလည်း အဓိကစိုက်ပျိုးလုပ်ကိုင်လာကြသည်။ ယခု မတ်လပထမပတ်တွင် သံတောင်ကြီးဒေသတွင် နနွင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသည်သာမက ဈေးကောင်းရရှိသည့်အတွက် နနွင်းစိုက်ပျိုးလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးဒေသရှိ ဒေသခံပြည်သူများသည် မိမိတို့မြေလွတ်များနှင့် ဉယျာဉ်ခြံများတွင် တောင်ယာခုတ်ပြီး နနွင်းများကို မေလကုန်အချိန်တွင် စိုက်ပျိုးကြပြီး အနည်းဆုံးသုံးကြိမ်ထိ ပေါင်းရှင်းပေးရသည်။

အဆိုပါနနွင်းများကို ဖေဖော်ဝါရီမှ စတင်ကာတူးပြီး ရေဆေးပေးခြင်း၊ နူးအောင်ပြုတ်ကာ နေပူလှန်းခြင်းတို့ကို ဆောင်ရွက်ပြီး ရရှိလာသည့်နနွင်းများကို အရောင်တက်လာစေရန်အတွက် နေပူလှန်းကာ အခြောက်ခံရသည်။

ထိုနောက် သံတောင်ကြီးမြို့ပေါ်နှင့် တောင်ငူမြို့ရှိ နနွင်းအဝယ်ဒိုင်များထံသို့ ရောင်းချကြသည်။ ယခုမတ်လပထမပတ်တွင် နနွင်းအခြောက်တစ်ပိဿာ ကျပ် (၁၇၀၀၀) အထိရရှိကြောင်း နနွင်းရောင်းဝယ်လုပ်ကိုင်သူ ဦးစောဖရက်ထံက သိရသည်။

နော်နော်မူ