မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ပပျောက်စေရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မြဝတီ မတ် ၆

ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်း Online လိမ်လည်မှုလုပ်ငန်းများ ပပျောက်စေရန် ရည်ရွယ်၍ မတ်လ ၄ ရက်နေ့ မွန်းလွဲ (၁) နာရီ၌ အမှတ် (၅) ရပ်ကွက်၊ အောင်မင်္ဂလာဓမ္မာရုံ၌ အွန်လိုင်းလိမ်လည်မှု နှိမ်နှင်းရေးလုပ်ငန်းများကြီးကြပ်ရေးကော်မတီဝင်များပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် (၂) ဦးစိန်သောင်း၊  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ မြို့နယ်ဥပဒေ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးထူးထက်အောင်၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ် (၁) ရဲအုပ်နိုင်ထွန်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် (၂) ဦးစိန်သောင်းက Online လိမ်လည်မှုဝေါဟာရအနက်အဓိပ္ပါယ် ဖွင့်ဆိုချက်များကိုလည်းကောင်း၊ လူမှုဝန်းကျင်တွင် ဖြစ်ပွားနေသည့် online လိမ်လည်မှုဖြစ်စဥ်များ၊ ဒုစရိုက်လုပ်ငန်းအမျိုးအစားများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က လတ်တလောဖြစ်ပွားနေသည့် (online) လိမ်လည်မှု၊ ငွေကြေးလိမ်လည်မှုဖြစ်စဥ် အကြောင်းအရာများ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကိုလည်းကောင်း၊ သတိပြုဆင်ခြင်ရမည့် အချက်များကိုလည်းကောင်း၊ မြို့နယ်ဥပဒေရုံး၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ  ဦးထူးထက်အောင်က (online) လိမ်လည်မှုလုပ်ငန်းများ စတင်အမြစ်တွယ်ပျံ့နှံ့ရခြင်း အကြောင်းအရာများ၊ လတ်တလော ဖြစ်ပွားနေသည့် online လိမ်လည်မှု ပြဿနာဖြစ်စဥ်များနှင့် ကြုံတွေ့နေရသည့် ဆုံးရှုံးမှုများနှင့်အရေးယူအပြစ်ပေးချမှတ်လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေပုဒ်မများ၊ သတိပြုကာကွယ်ရမည့်အချက်များ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စိတ် (၁) ရဲအုပ်နိုင်ထွန်းက Online မှ တစ်ဆင့် လူကုန်ကူးမှု၊ လိမ်လည်မှု၊ ငွေကြေးလိမ်လည်မှုနှင့် သွေးဆောင်မှုဖြစ်စဥ်များနှင့်သတိပြုဆင်ခြင်ရမည့် အချက်များကိုလည်းကောင်း၊ အသီးသီး ဟောပြောခဲ့ကြသည်။

ဆက်လက်ပြီး အသိပညာပေးဟောပြောပွဲ တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများကို (online) လိမ်လည်မှုလုပ်ငန်း ပပျောက်ရေးဆိုင်ရာ အသိပညာပေး Vedio Clip ပြသပေးခဲ့ပြီး လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ ရဲအုပ်နိုင်ထွန်းက အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)