တရားမျှတမှုနှင့် အခွင့်အရေးရရှိရေး အမျိုးသမီးအားလုံးအတွက် ဆောင်ရွက်ပေး

မင်းဘူး မတ် ၆

ကမ္ဘာပေါ်ရှိ တိုင်းပြည်အများစုတွင် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေ ပိုမိုများပြားလျက်ရှိသည်။ ဤသို့ အမျိုးသမီးဦးရေများပြားလာမှုနှင့်အတူ အမျိုးသားများနည်းတူ အမျိုးသမီးများကိုလည်း တန်းတူရည်တူ အခွင့်အရေးပေးနိုင်အောင် ဆောင်ရွက်ခဲ့ကြရသည်။

အမျိုးသမီးများအခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်အောင် ဆောင်ရွက်ထားကြပြီး အမျိုးသမီးများ၏ စွမ်းရည်ကို မြှင့်တင်ဆောင်ရွက်လာကြသည်။

ထိုကဲ့သို့ အမျိုးသမီးများ၏ စွမ်းရည်ကိုမြှင့်တင်ပေးပြီး တိုင်းပြည်နှင့် လူမျိုး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်ကြရန် အသိပေးတိုက်တွန်းထားခြင်းလည်းဖြစ်သည်။ ကမ္ဘာ့လူဦးရေ တိုးတက်များပြားလာချိန် ဤသို့တိုက်တွန်းလိုက်ခြင်းသည် အလွန်ပင် အကြောင်းအကျိုးဆက်စပ်မှုရှိလာသကဲ့သို့ ခေတ်ကာလအခြေအနေအရ လိုက်လျောညီထွေရှိလှသော တိုက်တွန်းဆော်ဩမှုပင်ဖြစ်သည်။

အမျိုးသမီးများ၏ ပင်ကိုဗီဇသည် များသောအားဖြင့် အားနွဲ့ကြသူများဖြစ်သော်လည်း အမျိုးသားများနှင့်အပြိုင် ကာယအား၊ ဉာဏအား၊ စိတ်ဓာတ်စွမ်းအားများ မွေးမြူနိုင်ရမည်။

အမျိုးသားများနည်းတူ လက်ရုံးရည်၊ နှလုံးရည်စွမ်းရည်များ ကြံ့ခိုင်သူများဖြစ်အောင် ကြိုးစားအားထုတ်နိုင်ရမည်။ အရည်အချင်းပြည့်ဝပြီး စိတ်ဓာတ်ကြံ့ခိုင်အောင် ကြိုးစားရမည်။ လုပ်ရည်ကိုင်ရည် ထက်ထက်မြက်မြက် လုပ်ကိုင်နိုင်ကြရမည်ဖြစ်သည်။ သို့မှသာ အမျိုးသမီးများ၏ စွမ်းရည်သည် ပိုမိုတိုးတက်မြင့်မားလာမည်ဖြစ်သည်။

ဤသို့အမျိုးသမီးများက စွမ်းရည်ထက်မြက်အောင် ကြိုးစားအားထုတ်သင့်သလို အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများကလည်း အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးကို အလေးထားဆောင်ရွက်ပေးရမည်ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံတွင် အမျိုးသမီးအခန်းကဏ္ဍကို အလေးထားလုပ်ဆောင်လျက်ရှိပြီး အမျိုးသားနည်းတူ တန်းတူအခွင့်အရေးပေးထားသည်။

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြကုန်သော မြန်မာအမျိုးသမီးများသည် မျက်မှောက်ကာလတွင် မောင်တစ်ထမ်း မယ်တစ်ရွက်နှင့် အိမ်ထောင်တာဝန်ကိုသာမက အမျိုးသားများနှင့် ရင်ပေါင်တန်း၍ မိမိအကျိုး၊ အများအကျိုးတို့ကို သယ်ပိုးထမ်းဆောင်နေကြသူများဖြစ်သည်။ အားနွဲ့သူများဖြစ်၍ အမျိုးသမီးများဘဝကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီးများအား ပြုစုပျိုးထောင်ရေးသည်လည်း မဖြစ်မနေဆောင်ရွက်ပေးရမည့် အလုပ်ဖြစ်သည်။ တစ်ဖက်တွင် အဆိုပါအမျိုးသမီးများ၏ အခွင့်အရေးနှင့် ဘဝများကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ပေးရမည်ဖြစ်သလို အထူးသဖြင့် အမျိုးသမီးငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးမှအစ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေးအတွက်ပါ ကာကွယ်စောင့်ရှောက်ပေးကြရမည်ဖြစ်သည်။ ထို့အပြင် အမျိုးသမီးများကလည်း မိမိတို့၏ အမျိုးသမီးဂုဏ်ရည်ကို ထိန်းသိမ်းမြှင့်တင်ကြရမည်။

အမျိုးသမီးများအတွက် အရေးကြီးသည့်အချက်မှာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်များ၊ ငယ်ရွယ်အမျိုးသမီးတို့၏ဂုဏ်ရည်များ မပျက်ယွင်း၊ မချို့တဲ့စေရအောင် မိမိတို့၏ အမျိုးသမီးများဘဝကို ပိုမိုမြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်မြှင့်တင်ရေးအတွက် အစဉ်အမြဲလေ့ကျင့်ပျိုးထောင်ပေးနေရမည်ဖြစ်သည်။ သို့ဖြစ်ရာ အစဉ်အလာကြီးမားသော မြန်မာအမျိုးသမီးများသည် မိမိတို့ ဂုဏ်ရည်မြင့်မားတိုးတက်စေရေးနှင့် အနာဂတ်အမျိုးသမီးများဘဝ ပိုမိုတိုးတက်ကောင်းမွန်လာရန်အတွက် ဆက်လက်လုပ်ဆောင်သွားကြရမည်။

ဤသို့ အမျိုးသမီးများ၏စွမ်းရည်ကို မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ ကုန်ထုတ်စွမ်းအားများ တိုးတက်မြင့်မားလာပြီး အမျိုးသမီးများ၏ စွမ်းပကားတိုးပွားလာမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် လုပ်အားဆုံးရှုံးမှုများကို ကာကွယ်နိုင်မည်ဖြစ်သည်။ သို့ပါ၍ “တရားမျှတမှုနဲ့ အခွင့်အရေးရရှိရေး အမျိုးသမီးအားလုံးအတွက် ဆောင်ရွက်ပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးတစ်ဦးချင်းစီ၏ အရည်အချင်း၊ အရည်အသွေး လုပ်ကိုင်နိုင်စွမ်းတို့ကို မြှင့်တင်ပေးပြီး အခွင့်အရေးရရှိအောင် လုပ်ကိုင်ဆောင်ရွက်သင့်ပါကြောင်း ရေးသားလိုက်သည်။

ဇေယျာနိုင်(ရွှေကန်မြေ)