မိုးညိုမြို့နယ်ရှိ ထိန်တောမြို့မဈေး မီးဘေးကာကွယ်‌ရေးသရုပ်ပြခြင်းပူး‌ပေါင်းဆောင်ရွက်

မိုးညို မတ် ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာ၊ ထိန်တောမြို့မဈေးရှိ ဈေးသူ/ဈေးသားများနှင်ပြည်သူများအား မီးဘေးအန္တရာယ်ကျရောက်ခဲ့ပါက လျှင်မြန်စွာတုံ့ပြန်‌ဆောင်ရွက်နိုင်‌ရေးအတွက် မီး‌ဘေးကာကွယ်‌ရေးသရုပ်ပြခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။       

ထိုသို့ဆောင်ရွက်ရာတွင် မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်သက်သက်မာ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ရဲ‌အောင်နှင့်တပ်ဖွဲ့ဝင်များ၊ ထိန်တောနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ထိန်တောနယ်မြေရဲစခန်းမှ ရဲအုပ်ဝင်းခိုင်နှင့်ရဲတပ်ဖွဲဝင်များ၊ လျှပ်စစ်ဌာနဝန်ထမ်းများ၊ ထိန်တောမြို့မဈေး အကျိုး‌တော်ဆောင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များပူးပေါင်းကာ ထိန်တောမြို့မဈေးမီးဘေးကာကွယ်ရေးအတွက် မီးသတ်ယာဉ်များဖြင့် သရုပ်ပြရေဖျန်းမီးငြိမ်းသတ်ခြင်း၊ ရေစိုအဝတ်ဖြင့်မီးငြိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးအသုံးပြုပုံနှင့် ဂက်(စ်)မီးငြိမ်းသတ်နည်းများကို လက်တွေ့ပြသခြင်းဆောင်ရွက်ခဲ့သည်။

မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မြို့ပေါ်နှင့်ကျေးရွာများရှိဈေးများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                           

ကိုမင်း(ပြန်/ဆက်)