မြန်အောင် မတ်လ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တွင် ဟင်္သာတခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် မြန်အောင်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကော်မတီဝင်များ ပါဝင်သော သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက မတ် ၅ ရက်နေ့နံနက်ပိုင်းက အင်ပင်ဈေးရှိ ဆေးဝါးရောင်းချသည့်ဆိုင်များသို့ ဆေးဝါးရောင်းချနေမှုများကို မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြန်အောင်မြို့နယ် အင်ပင်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ စပ်ဆေး၊ တွဲဆေးများ ရောင်းချမှုမရှိစေရန်နှင့် ပဋိဇီဝဆေးများအား ဆရာဝန်ညွှန်ကြားချက်ဆေးစာပါရှိမှသာ ရောင်းချမှုရှိစေရန်နှင့် သက်ဆိုင်ရာဌာနများမှ အခါအားလျော်စွာ ထုတ်ပြန်ထားသော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီသိရှိ၍ လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်ချက်ဖြင့် စစ်ဆေးခြင်းဖြစ်ပြီး လိုအပ်ချက်များကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။
ဆေးဆိုင်များ ဆေးဝါးရောင်းချမှု စစ်ဆေးခြင်းကို ဟင်္သာတခရိုင် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ (အစားအသောက်)နှင့်ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်) မြန်အောင်