ခန္တီး မတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကာ ဈေးမီးလောင်မှုကြီးများမဖြစ်ပွား မပေါ်ပေါက်စေရန်၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် မီးလောင်မှုဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဈေးမီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို မတ် ၅ ရက်နေ့နံနက်(၉)နာရီအချိန်က မြို့မမင်္ဂလာဈေးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက HNE အရေးပေါ်ကျောလွယ်မီးသတ်ဆေးဗူး အသုံးပြု၍ မီးငြိမ်းသတ်ပုံ နည်းစနစ်ကို လက်တွေ့သရုပ်ပြသရာ ဈေးသည်များ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ ဈေးသည်များအား သတ်မှတ်ချိန်ကျော်လွန်၍ မီးအသုံးမပြုကြရန်၊ မီးအသုံးပြုပြီး စနစ်တကျမီးငြိမ်းသတ်ကြရန်၊ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး မီးကိုစနစ်တကျသုံးစွဲကြရန် မီးဘေးအသိပညာပေးပြောကြားပြီး မီးသတ်ဆေးဗူးဆောင်ရွက်ထားရှိမှုများ ရေသိုလှောင်ထားရှိမှုများအား လိုက်လံစစ်ဆေးခဲ့ကာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက လေပြင်းနှင့် မီးဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင် အစောင်ရေ(၁၀၀)ကို ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ကမ်းကီး(ပြန်/ဆက်)