ကြံခင်း မတ်လ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနားကို မတ် ၅ ရက်ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ အတွက် တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀/- နှုန်းဖြင့် ငွေကျပ် ၆၀၀၀၀/- စီ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ ပညာရေး၊ ကျန်းမာရေးတို့ကို အဓိကထား၍ ကူညီပေးလျက်ရှိကြောင်း၊ ယခုထောက်ပံ့ရရှိငွေများအား အကျိုးရှိစွာဖြင့် အသုံးပြုသွားကြရန်ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အဖွဲ့ဝင် ဗိုလ်မှူးသောင်းထွဋ်လွင်၊ အတွင်းရေးမှူး ရဲမှူးကြည်စိုးနှင့် တာဝန်ရှိသူများ က ထောက်ပံ့ငွေများပေးအပ်ကြသည်။
ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ ၁၉ အုပ်စုသို့ ဒေသအသီးသီးမှ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် အိမ်ထောင်စု ၈၉ စု၊ ပြည်သူ(၂၀၈)ဦး၊ ဝန်ထမ်း (၁၀)ဦး၊ စုစုပေါင်း (၂၁၈)ဦး ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀/-နှုန်းဖြင့် ၃ လ အတွက် စုစုပေါင်းငွေကျပ်(၁၃,၀၈၀,၀၀၀/-)ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွဲလွဲမှုမရှိစေရေး နိုင်ငံသားစိစစ်ရေးကဒ်ပြားတို့ဖြင့် တိုက်ဆိုင်စိစစ်၍ လက်ဝယ်အရောက် ထောက်ပံ့ငွေများကို ထုတ်ပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)