ကျွန်းလှ မတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် ဆောင်းရာသီ၌ စိုက်ပျိုးသော မြေပဲစိုက်ဧကအားလုံးရိတ်သိမ်းပြီး ၁၀၇၂၂၂၁ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ မြေပဲစိုက်ပျိုးဖို့ ၁၃၈၉၆ ဧကလျာထားပြီး ၁၄၂၄၅ ဧကစိုက်ပျိုးနိုင်ခဲ့ပါတယ်။ အခုအခါ စိုက်ဧကအားလုံးရိတ်သိမ်းပြီး တစ်ဧက ၇၅ ဒသမ ၂၇ တင်းထွက်ရှိပါတယ်။ ဆီထွက်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်း ရရှိစေရန်အတွက် ဒေသရာသီဥတုနဲ့ကိုက်ညီတဲ့ မြေပဲမျိုးများဖြန့်ဖြူးပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေးနဲ့ စိုက်ပျိုးဆိုင်ရာနည်းပညာများ ကွင်းဆင်းအသိပညာပေးခဲ့ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံများကို မိုးရာသီနှင့် ဆောင်းရာသီ အဓိကစိုက်ပျိုးကြကြောင်း၊ ယခုနှစ် ဆောင်းရာသီ၌ ဆီထွက်သီးနှံစိုက်ပျိုးမှုအဖြစ် မြေပဲ ၁၄၂၄၅ ဧက၊ နှမ်း ၁၄၀၃၇ ဧက၊ နေကြာ ၁၂၃၁ ဧက၊ ပန်းနှမ်း ၅၃၁၅ ဧက၊ မုန်ညှင်းစေ့ ၄၅၂ ဧက စုစုပေါင်း ၃၅၂၈၀ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ