မင်းဘူး-မကွေးသဲသောင်ပြင်ကျွန်းထဲတွင် အပန်းဖြေသူ၊ ညနေဆည်းဆာအလှအပ ခံစားသူများဖြင့် စည်ကား

မင်းဘူး မတ် ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး-မကွေး သဲသောင်ပြင် ကျွန်းထဲ၌ ညနေပိုင်းများ၌ ကမ်းစပ်တွင် အနားယူအပန်းဖြေသူ၊ ညနေဆည်းဆာအလှအပခံစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပွင့်လင်းရာသီ အညာဒေသပွဲတော်ဖြစ်သည့် မန်းရွှေစက်တော်ဘုရာပွဲရာသီနှင့် တိုက်ဆိုင်နေသဖြင့် ဘုရားအပြန် ဧည့်သည်များနှင့် အနီးအနားရှိ ဒေသခံပြည်သူများက မင်းဘူး-မကွေးကြား သဲသောင်ပြင်ကျွန်းထဲတွင် အကြော်အမျိုးမျိုး၊ အသုပ်အမျိုးမျိုး၊ အကင်အမျိုးမျိုး၊ မုန့်ပဲသရေစာနှင့် အချိုရည်များစားသုံးကာ ကမ်းစပ်တွင် ရေချိုးအပန်းဖြေ၍ ညနေဆည်းဆာအလှအပများကို ကြည့်ရှုခံစားသူများဖြင့် အထူးစည်ကားလျက်ရှိကြသည်။

မကွေးတိုင်းသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်ကျရောက်ပြီး နွေရာသီ တပေါင်း၊ တန်ခူး၊ ကဆုန်လများသည် အလွန်ပူပြင်းလှသဖြင့် ကမ်းစပ်နှင့် ရေချိုးဆိပ်များတွင် ညနေဘက် ရေချိုးသူများဖြင့် တိုးမပေါက်အောင် စည်ကားလှသည်။ ထို့အတူ မင်းဘူးသဲသောင်ပြင်ထဲတွင်လည်း ရေချိုးသူ၊ အပန်းဖြေသူ၊ အချိုရည်အမျိုးမျိုး၊ ဖရဲသီးဖျော်ရည်၊ သခွားသီးဖျော်ရည်နှင့် ကြံရည်များကို သောက်သုံးကာ ညနေဆည်းဆာအလှအပများကို ကြည့်ရှုခံစားသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)