မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မြသလွန်စေတီတော် ဗုဒ္ဓဇယန္တိဗိမာန်တော်ဖွင့်ပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနား တက်ရောက်

မကွေး မတ်လ

မကွေးမြို့ မြသလွန်စေတီတော်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဩဝါဒဆရာတော်ကြီးများ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြသလွန်စေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းအသစ်ဆောက်လုပ်ပြီးစီးသေ ဗုဒ္ဓဇယန္တီဗိမာန်တော်ဖွင့်ပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မြသလွန်စေတီတော်မြတ်ကြီး   ရင်ပြင်တော်ပေါ်ရှိ ဗုဒ္ဓဇယန္တီဗိမာန်တော်ရှေ့၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်‌တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြသလွန်စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့်ဘုရားဖူးလာပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက မြသလွန်စေတီတော် ဗုဒ္ဓဇယန္တီဗိမာန်တော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်စဉ် ကြွရောက်တော်မူသော ဩဝါဒစရိယဆရာတော်ကြီးများက ဇယန္တောဗောဓိယာမူလေ အောင်ဂါထာအား ရွတ်ဆိုပူဇော်ကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်က ဗုဒ္ဓဇယန္တီဗိမာန်တော် ကမ္ဗည်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနား ဆက်လက်ကျင်းပရာ တက်ရောက်လာသည့် ဆရာတော်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုစတင်ခဲ့ပြီး၊ နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မိကာရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဥတ္တရမဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မိကာရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဥတ္တရ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရား နာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ၊ “ဗုဒ္ဓသာသနံ စိရံ  တိဌတု” (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းနားကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အဆိုပါ မြသလွန်စေတီတော် ဗုဒ္ဓဇယန္တိဝိမာန်တော်တွင် အခန်း ၃ ခန်းပါရှိကာ အလျား ၉၆ ပေ၊ အနံပေ ၃၀ ဖြင့် နှစ်ထပ်အဆောက်အအုံဖြစ်ပြီး၊ ဗိမာန်တော်ကြီးအပေါ်ထပ်၌ ထီးတော်ထားရှိ သည့်အခန်း၊ ဘုရားသုံးဆူစံမြန်းရာ ဘုရားခန်းနှင့်ဓာတ်တော်အခန်းတို့ပါဝင်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှူဖြင့် စေတနာရှင်ပြည်သူများ စုပေါင်းထည့်ဝင်လှူဒါန်းငွေ ကျပ်သိန်း
  ၂ သောင်း ၄ ထောင်ကျော်ဖြင့် အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မြသလွန်စေတီတော် ဗုဒ္ဓဇယန္တီဗိမာန်တော်အား ဘုရားဖူးလာပြည်သူများ အဆင်ပြေစွာသွားလာဖူးမြော်နိုင်စေရန်နှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသေ်ပြည်သူများ နေရာထိုင်ခင်းကျယ်ဝန်းစွာနားနေနိုင်စေဖို့အတွက်ရည်ရွယ်ကာ အသစ်တိုးချဲ့တည်ဆောက်ခြင်းဖြစ်ကြောင်း မြသလွန်စေတီတော် ဘဏ္ဍာထိန်းဂေါပက အဖွဲ့ထံမှ သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)