ဟုမ္မလင်း မတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြလေ့ကျင့်ခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းကို မတ် ၄ ရက်၊ နေ့လည်(၁၂)နာရီက မြို့မစည်ပင်သာယာဈေးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီခိုင်နှင့် အဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များက ဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် မီးသတ်ရေစုကန်များ၊ မီးသတ်ရေငုတ်များ၊ အရန်မီးသတ်စက်များ ထားရှိမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၏ ဆီမီးလောင်မူအား ရေစိုအဝတ်၊ မီးသတ်ဆေးဘူးတို့ဖြင့် ငြိမ်းသတ်ခြင်းနှင့် မီးငြိမ်းသတ်ယာဥ်များဖြင့် မီးငြိမ်းသတ်သရုပ်ပြလေ့ကျင့်ခြင်းတို့အား ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်မီးသတ်စခန်းများရှိ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှုအခြေအနေများနှင့် မြို့ပေါ်ရပ်ကွက်များရှိ မီးငြိမ်းသတ်ရန် သိုလှောင်ထားရှိသည့် ရေကန်များ၊ ရေငုတ်များ စနစ်တကျဖြစ်စေရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)