ဟားခါး မတ် ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ချီးမြှင့်အပ်နှင်းသော ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို မတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ၊ စည်သူ ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ၎င်းတို့၏ဇနီးများ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) ဟားခါးမှ စစ်ဗျူဟာမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ၊ စည်သူဒေါက်တာဝုန်ဆွန်းထန်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ယခုကဲ့သို့ဂုဏ်ထူးဆောင် ဘွဲ့များ ပေးအပ်ချီးမြှင့်သည့်အတွက် အထူးပင်ဝမ်းမြောက်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့သည် စုပေါင်းတိုင်ပင်၊ စုပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့စုပေါင်းဆောင်ရွက်သည့်အတွက် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းဖြစ်ပြီး ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံရခြင်းဖြစ်ပါ ကြောင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါသော ဝန်ထမ်းအားလုံးနှင့် ပြည်သူများကို ကျေးဇူးတင်လျက် လေးစားစွာဂုဏ်ပြုအပ်ပါကြောင်း ဝမ်းမြောက်အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်အပ်နှင်းသော ပြည်နယ်လူမှုရေးရာဝန်ကြီး ဝဏ္ဏကျော်ထင် ဦးဝင်းဇော်ဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဝဏ္ဏကျော်ထင် ဦးနေလင်းအောင်၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဝဏ္ဏကျော်ထင် ဦးစိန်ထွန်းလှနှင့် ပြည်နယ်ဥပဒေချုပ် ဝဏ္ဏကျော်ထင် ဦးဆွန်းဒုတ်ကျင့်တို့က ဂုဏ်ယူဝမ်းမြောက်စကားပြောကြားသည်။
ထို့နောက်ချင်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက ဂုဏ်ပြုစကား ပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ အခမ်းအနားတက်ရောက်လာကြသူအားလုံး ဟမ်ဘာကာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)