ကျောက်တံခါး မတ် ၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရပ်ကွက်နှင့်ကျေးရွာများရှိ အသက် (၁) နှစ်မှ အသက် (၅) နှစ်အထိ ကလေးငယ်များအား (၅) မျိုးစပ်ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က စျေးပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးရာတွင် အသက် (၁) နှစ်မှ အသက် (၅) နှစ်အထိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဂျပန်ဦးနှောက်ရောင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ထိုးနှံပေးပြီး၊ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးကိုလည်း တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမိခင်များကို ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်း၊ ကလေးအာဟာရဖွံ့ဖြိုးရေးအတွက် အသိပညာပေးခြင်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့က ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)