ဘားအံ မတ် ၆
၂၀၂၆ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်မည့် (၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအထွေထွေ ပိုလျှံရန်ပုံငွေကျပ် ၅၉၅ ဒသမ ၆၁၆ သန်းဖြင့် ဘားအံမြို့နယ် ကော့ကဒါ-ကော့တာကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ် ၆ ရက် နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
ဦးစွာပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အကျယ်(၁၄)ပေ၊ အရှည် ၆ ဒသမ ၉၆ ဖာလုံရှိ ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးအဆိုပါလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျေးလက်လမ်း/တံတားလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်၊မြို့ပြအချိုးညီစွာဖွံ့ဖြိုးတိုးတက်လာပြီး ကျေးရွာမှမြို့ပြအသွင်၊ မြို့ပြအခြေအနေသို့ အချိန်တိုအတွင်း တိုးတက်ပြောင်းလဲလာနိုင်မည်ဖြစ်ရာ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် ကျေးလက်လမ်းကွန်ယက်များအား အသုံးပြု၍ အမြန်ဆုံးဆက်သွယ်သွားလာနိုင်ကာ အမျိုးသားပို့ဆောင်ရေးပင်မစီမံကိန်းကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသများ၏ လမ်း၊ တံတားများဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ လမ်းပန်းဆက်သွယ်ရေး မြန်ဆန်ကောင်းမွန်လာခြင်း၊ ကျေးလက်ထုတ်ကုန်များအချိန်ကုန်သက်သာစွာဖြင့် ဈေးကွက်သို့အလျင်အမြန်သယ်ယူပို့ဆောင်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်း၊ မိသားစုတစ်ဦးချင်းဝင်ငွေများတိုးတက်လာခြင်းစသည့်အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော့ကဒါကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)