မင်းဘူး(စကု)မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ နွေရာသီသင်တန်းများ ဖွင့်လှစ်သင်ကြား

မင်းဘူး မတ် ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ နွေရာသီသင်တန်းများ ဖွင့်လှစ်သင်ကြားခြင်းကို မတ်လ ၃ ရက်နေ့ နံနက် ၈ နာရီမှ စတင်ကာ သင်ကြားလျက်ရှိကြောင်း သိရသည်။

နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်စေရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်၊ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးစေရန်၊ မိမိကိုယ်ကို ခုခံကာကွယ်နိုင်စေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ စသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ကင်းထောက်သင်တန်း၊ အားကစားသင်တန်းနှင့် အနုပညာသင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိကြသည်။

 ထိုသို့ သင်ကြားရာတွင် ယဉ်ကျေးလိမ္မာသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၆၅၅၇ ဦး၊ အင်္ဂလိပ်စာသင်တန်းတွင် ၃၈၄၃ ဦး၊ ကင်းထောက်သင်တန်းတွင် ၉၉ ဦး၊ အားကစားသင်တန်းတွင် ၄၈၁ ဦး၊ အနုပညာသင်တန်းတွင် ၁၄၁၆ ဦးဖြင့် စုစုပေါင်း ၁၁၅၁၆ ဦးတက်ရောက်၍ စိတ်ပါဝင်စားစွာ သင်ကြားလျက်ရှိကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)