ထားဝယ်ခရိုင်၌ ကျောင်းသားလူငယ်များအနုပညာအရည်အသွေးများမြင့်မားလာစေရန်နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်

ထားဝယ်   မတ်  ၆

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များပူးပေါင်း၍ ကလေးငယ်များ၏ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် မိမိနှစ်သက်သည့် ပန်းချီပုံရေးဆွဲခြင်းဖြင့် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ အနုပညာအရည်အသွေးများမြင့်မားလာစေရန် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မတ် ၆ ရက် နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်သည်။

သင်တန်းတွင်ပန်းချီပညာရှင်ဦးလှရွှေက ကျောင်းနေအရွယ်ကလေးငယ်များ နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကိုတန်ဖိုးရှိရှိအသုံးချတတ်စေရန်၊ ပန်းချီပညာကိုအခြေခံမှစ၍ တတ်သိနားလည်ထားရန်လိုအပ်ကြောင်း၊ ပန်းချီပညာတွင်ပါရှိရမည့် အလင်းအမှောင်များနှင့် ပါဝင်ရမည့်အချက်များအား ဆွေးနွေးပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ယဉ်ယဉ်နုက ကျောင်းနေအရွယ် ကလေးငယ်များငယ်ရွယ်စဉ်မှစတင်ပြီး အခြေခံပန်းချီပညာကို တတ်မြောက်ထားရှိပြီး ပြိုင်ပွဲများတွင် ထူးချွန်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရန်၊ နွေရာသီပန်းချီသင်တန်းများမှတစ်ဆင့် မျိုးဆက်သစ်ပန်းချီပညာရှင်များပေါ်ထွက်လာစေရန်၊ ကျောင်းပညာရေးအတွက် အထောက်အကူပြုစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ နွေရာသီအခြေခံပန်းချီသင်တန်းမှတစ်ဆင့် တိုင်းဒေသကြီး၏ဂုဏ်ကိုဆောင်နိုင်သော ပန်းချီပညာရှင်များဖြစ်အောင် ကြိုးစားသင်ယူကြရန်လိုအပ်ကြောင်း၊ တက်ရောက်သင်ကြားပေးသော ပန်းချီပညာရှင်များအားဌာနအနေဖြင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ပန်းချီပညာရှင် ဦးလှရွှေနှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူသင်တန်းသား(၄၅)ဦးအား အခြေခံပန်းချီများတွင် ပါရှိရမည့်မျဉ်းရေးဆွဲရမည့် နည်းများအကြောင်း၊ ပုံစံနှင့်ထုထည်များအကြောင်း၊ အလင်းအမှောင်နှင့် အရောင်မျိုးစုံခွဲခြားရေးဆွဲရမည့်နည်းများအကြောင်း အခြေခံပန်းချီ၏သဘောတရားများနှင့် အခြေခံပန်းချီပညာရပ်များဖြစ်ကြသည့် မျဉ်းဖြောင့်၊ မျဉ်းကွေး၊ မျဉ်းယိုင်များအကြောင်းကို မတ်(၂၉) ရက်အထိ လေ့ကျင့်သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

ငွေဇင်ယော်(ထားဝယ်)