ပလောက်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် (၁) နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းများ ဆောင်ရွက်

ပလောက် မတ် ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ပြည်သူ့ကျန်းမာရေးဌာနတွင် ကျန်းမာရေး ဆရာမများနှင့် သားဖွားဆရာမများမှ မြို့ပေါ် (၄) ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁) နှစ်ခွဲအောက် ကလေးငယ်များအား ယနေ့နံနက် (၉) နာရီက စတင်ပြီး လစဉ် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို အဆိုပါ ပြည်သူ့ကျန်းမာရေးဌာနရုံးခန်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးရာတွင် မြို့ပေါ် (၄) ရပ်ကွက်ရှိ မွေးကင်းစမှ (၁) နှစ်ခွဲအောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) ပိုး၊ ဦးနှောက်အမေးရောင် ငါးမျိုးစပ်ကာကွယ်ဆေးနှင့် ပိုလီယို အကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဂျီ)နှင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးများကို အသက်အရွယ်အပိုင်းအခြား အလိုက် ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမတို့က ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးကင်းစမှ (၁) နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်သတ်မှတ်ရက်များတွင် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံတိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ပလောက် (ပြန်/ဆက်)