လွိုင်ကော် မတ် ၄
ကယားပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ တပေါင်းလပြည့်နေ့တွင် ကယားပြည်နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ)၌ ကျင်းပသည်။
လှူဒါန်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးဌာနအလိုက် မဏ္ဍပ်များ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများမှ အလှူရှင် ပြည်သူများက ဘုန်းတော်ကြီးကျောင်း (၉၅)ကျောင်းနှင့် သီလရှင်ကျောင်း (၃)ကျောင်းမှ ရဟန်း၊ သာမဏေနှင့် သီလရှင် စုစုပေါင်း(၈၉၄)ပါးတို့အား ဆွမ်းဆန်တော်နှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြသည်။ ဆွမ်းဆန်တော် လောင်းလှူပွဲသို့ ကြွရောက်ကြသည့် ဆရာတော်၊ သံဃာတော်များအား အအေးကပ်လှူခဲ့ပြီး ဧည့်ပရိတ်သတ်များအား စတုဒီသာများ ကုသိုလ်ပြု ကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ဆွမ်းဆန်တော်လောင်းလှူပွဲတွင် ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးဌာနများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုမှာ စုစုပေါင်း တန်ဖိုးငွေကျပ် (၁၇၃၄)သိန်းကျော်ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ၂၀၂၆ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲအခမ်းအနားကို မတ် ၃ ရက်က ဒေါဉခူရပ်ကွက်ရှိ ပြည်နယ် အားကစားကွင်း ရုံအမှတ်(၃)တွင် ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား ကျောင်းသူလူငယ်မောင်မယ်များအနေနှင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချပြီး ဝါသနာပါရာအားကစားနည်းများကို အခြေခံမှစ၍ စနစ်တကျ သင်ကြားခွင့်ရရှိကာ ကျန်းမာကြံ့ခိုင်၍ အရည်အချင်းမြင့်မားသည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး အတွေးအခေါ်မှန်ကန်စေရန်နှင့် ဗလငါးတန်တိုးတက်စေရန်စသည့် ရည်ရွယ်ချက်များနှင့် ပြုလုပ်ပေးခြင်းဖြစ်ကြောင်းပြောကြားကာ သင်တန်းကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီအခြေခံ အားကစားသင်တန်းအတွက် အားကစားလေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်ရာ သင်တန်းသားကိုယ်စားလှယ်တစ်ဦးက လက်ခံရယူကြောင်း သိရှိရသည်။
ပြန်နယ်(ပြန်/ဆက်)