လွိုင်ကော် မတ် ၄
ကယားပြည်နယ် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မတ် ၄ ရက်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးက ကယားပြည်နယ်အတွင်း ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲများ အောင်ချက်မြင့်မားရေးလုပ်ငန်းစဉ်များကို ၂၀၂၆ခုနှစ် ဇန်နဝါရီလမှ စတင်၍ ဆောင်ရွက်ခဲ့ကြပြီး ယခုအခါ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်စွာကျင်းပရေးအတွက် စီမံဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ ကယားပြည်နယ်အတွင်းရှိ စာစစ်ဌာနများတွင် စာမေးပွဲခန်းများလုံခြုံရေး၊ ကျောင်းပရဝုဏ် လုံခြုံရေးကိစ္စရပ်များ၊ အုပ်ချုပ်ထောက်ပံ့မှုကိစ္စ ရပ်များ စနစ်တကျ ဆောင်ရွက်ရန်၊ ရပ်ဝေးမှ စာမေးပွဲလာရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ၏ နေထိုင်ရေး၊ စားသောက်ရေးကိစ္စအဝဝကို အဆင်ပြေအောင် ဆောင်ရွက်ပေးရန်နှင့် စာမေးပွဲဖြေဆိုနေသည့် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ များ၏ လုံခြုံရေးနှင့် ကျန်းမာရေး ကိစ္စရပ်များကိုလည်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ယခင်နှစ်ထက် အောင်ချက် ရာခိုင်နှုန်းတိုးမြင့်နိုင်ရေးနှင့် ယခုနှစ် စာမေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပရေးအတွက် ကြိုတင်စီမံဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြ သည်။ ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ကယားပြည်နယ်လုံးဆိုင်ရာ (၆၆)ကြိမ်မြောက် တံခွန်တိုင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်က တံခွန်တိုင်ပွဲတော်ကျင်းပရေးကော်မတီသို့ ထောက်ပံ့အလှူငွေ ကျပ်သိန်း(၂၀၀) ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မတ် ၃ ရက်က ကျင်းပရာ စာပေနှင့်ယဉ်ကျေးမှုကော်မတီဉက္ကဋ္ဌများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)