ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

လွိုင်ကော်   မတ်      

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် လွိုင်ကော်မြို့၊ ထေးငှားလျားရပ်ကွက်ရှိ မြေသားလမ်း ဖောက်လုပ်ပြီးစီးမှုနှင့် ထေးငှားလျားကန်နှင့် ကန်ပတ်ဝန်းကျင်တစ်လျှောက် ပြည်သူများ အနားယူအပန်းဖြေနိုင်ရေးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို မတ် ၅ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထေးငှားလျားရပ်ကွက်သို့ ရောက်ရှိပြီး ရပ်ကွက်သူရပ်ကွက်သားများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်နေပြည်သူများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။ ထို့နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း(ဖြည့်စွက်)ရန်ပုံငွေဖြင့် ကယားပြည်နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေသည့် ထေးငှားလျားရပ်ကွက်၊ ရွှေပဒေသာလမ်းတစ်လျှောက် မြေသားလမ်းအရှည် (၃၆၈၅) ပေ အပြီးသတ်ဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းအားသတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် ဆောင်ရွက်ရန်၊ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက လမ်းနှင့်လမ်းဘေးဝဲယာအား သန့်ရှင်းသပ်ရပ်စွာ ရှင်းလင်းဆောင်ရွက်ရန်၊ လမ်းရေရှည်အသုံးပြု နိုင်ရေး ထိန်းသိမ်းရန်နှင့် လာမည့်ဘဏ္ဍာနှစ်တွင် မြေသားလမ်းမှကတ္တရာလမ်းသို့ အဆင့်မြှင့်တင် နိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထေးငှားလျားကန်နှင့် ပတ်ဝန်းကျင် တစ်လျှောက်ကြည့်ရှုစစ်ဆေးပြီး   ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေ နိုင်ရေးအတွက် ကန်သန့်ရှင်းသာယာလှပရေး စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်၊ ကန်ပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်ရေးနှင့် အမှိုက်သရိုက်များကင်းရှင်းစေရေး ဆောင်ရွက်ရန်၊ ကန်ပတ်လမ်း ဘေးဝဲယာတစ်လျှောက်ရှိ ပန်းအလှပင်များ ပျက်စီးမှု၊ ဖျက်ဆီးခံရမှုမရှိစေရေး ဆောင်ရွက်သွားရန်နှင့် လိုအပ်သည့်နေရာများတွင် ပန်းအလှပင်များ တိုးချဲ့စိုက်ပျိုးသွားရန် တာဝန်ရှိသူများ အား မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)