ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နွေရာသီအခြေခံအားကစားသင်တန်းများဆင်းပွဲ တက်ရောက်

ဘားအံ မတ် ၅

ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးချ၍ အားကစားနည်းအလိုက် အခြေခံပညာရပ်များကို သိရှိနားလည်တတ်ကျွမ်းစေရန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ အားကစားရုံ၊ အားကစားကွင်း၊ အားကစားရုံအသီးသီးတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သော နွေရာသီအားကစားသင်တန်းများ စုပေါင်းသင်တန်းဆင်းပွဲကို မတ်လ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီက အောင်သံလွင်အားကစားကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုသင်ကြားပို့ချပေးခဲ့သည့်လေ့ကျင့်ခန်းများသည် အားကစားသမားအတွက် အခြေခံလေ့ကျင့်မှုများဖြစ်၍ ပိုမိုကျွမ်းကျင်ပိုင်နိုင်ပြီး ထူးချွန်သော အားကစားသမားများဖြစ်လာအောင် ဆက်လက်လေ့ကျင့်သွားကြစေလိုကြောင်း၊ မိမိတို့၏ စိတ်အားထက်သန်ရာ ဝါသနာပါရာအားကစားနည်းများတွင် ထူးချွန်ထက်မြက်သူများ၊ ပြည်နယ်နှင့် နိုင်ငံ့ဂုဏ်ဆောင်ပေးနိုင်သူများဖြစ်လာအောင် မလျှော့သောဇွဲ၊လုံ့လ၊ဝီရိယတို့ကိုအခြေခံ၍ ကြံ့ခိုင်သော စိတ်ဓါတ်တို့ဖြင့် တစ်စိုက်မတ်မတ်ဆက်လက်ကြိုးစားလေ့ကျင့်ကြစေလိုကြောင်း တိုက်တွန်းပြောကြား သည်။

အဆိုပါနွေရာသီအခြေခံအားကစားသင်တန်းကို ဘောလုံး၊ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဂျူဒို၊ ကရာတေး၊ ကြက်တောင်၊ အေရိုးဗစ်၊ မြန်မာ့သိုင်း၊ ခရစ်ကက်၊ ရေကူး၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ဖူဆယ်၊ စစ်တုရင် အားကစားနည်း(၁၅)နည်းဖြင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ မတ်လ ၃ ရက်နေ့ထိ သင်တန်းသား၊သင်တန်းသူစုစုပေါင်း ၁၃၇၅ ဦးဖြင့် လက်ရွေးစင်ဟောင်း အားကစားသမားနည်းပြများက  အခြေခံအားကစားပညာရပ်များကိုသင်ကြားလေ့ကျင့် ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာအားကစားနည်းအလိုက် သင်တန်းဆင်းလက်မှတ်များ၊ ထူးချွန်သင်တန်းသားဆုများ၊ သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် သင်တန်းသား၊သင်တန်းသူများက ကွင်းအတွင်းပြန်လည်ထွက်ခွာခဲ့ကြပြီး ကရာတေးအဖွဲ့၊ မြန်မာ့သိုင်းအဖွဲ့၊ အေရိုးဗစ်အဖွဲ့၊ ဂျူဒိုအဖွဲ့တို့က အခြေခံအားကစားပညာရပ်များကို လေ့ကျင့်သရုပ်ပြ သခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အလားတူ ဘားအံစက်မှုဇုန်လုပ်ငန်းရှင်များအနေဖြင့်လိုအပ်ချက်များတင်ပြဆွေးနွေးနိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲကို မတ်လ ၅ ရက်နေ့ နံနက် ၈ နာရီက အဆိုပါစက်မှုဇုန် ကြီးကြပ်မှုကော်မတီရုံး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်ဘားအံစက်မှုဇုန်တွင် ဒေသခံများအလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊ ဒေသထွက်ကုန်ကြမ်းများကို အဆင့်မြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ ပြည်ပသွင်းကုန် အစားထိုးကုန်ထုတ်လုပ်ငန်းများအဖြစ် အောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီတွဲဘက် အတွင်းရေးမှူးက ဘားအံစက်မှုဇုန်ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော ဘားအံစက်မှုဇုန်လုပ်ငန်းရှင်များက ဇုန်ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးစေ လိုသည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက SKK ကာလာအမျိုးပြားထုတ်လုပ်ရေးစက်ရုံ၊ ကံကောင်း ခြင်းရတနာထုတ်လုပ်မှုလုပ်ငန်းကုမ္ပဏီလီမိတက်၏ သစ်ပါးလွှာစက်ရုံ၊ တည်ဆောက်ဆဲ Shine Htoo Co.,Ltd ၏ လက်တွန်း လယ်ထွန်စက်အမျိုးမျိုးတပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ အောင်သစ္စာဂျစ်ပ်ဆမ်ကျောက်မှုန့်မြေဩ ဇာထုတ်လုပ်သည့်စက်ရုံတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)