ကျွန်းလှ မတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ်ရပ်ကွက် နေအိမ်ခြံဝင်းများတွင် မြေအောက်ရေတင်စိုက်ပျိုးသော ဂန္ဓမာပန်းများအောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေကြောင်း ပန်းစိုက်ပျိုးသူများထံမှ သိရသည်။
“ကျွန်တော် မြေအောက်ရေတင်ပြီး ပန်းမျိုးစုံ၊ ဟင်းသီးဟင်းရွက်စုံစိုက်ပျိုးကြပါတယ်။ ဂန္ဓမာပန်း ကို နွေ၊ မိုး၊ ဆောင်းစိုက်ပျိုးပါတယ်။ ပန်းမျိုးကို ပြင်ဦးလွင်မြို့ကမှာယူပြီး အပင်ရေ ၁၅၀၀၀ စိုက်ပျိုးရာမှာ ငွေကျပ် နှစ်သိန်းကျော်ကုန်ကျပါတယ်။ အခုအခါ ပန်းသုံးခက်၊ လေးခက်ကို ငွေကျပ် ၂၀၀၀ ဈေးရောင်းရပါတယ်” ဟု ဂန္ဓာပန်းစိုက်ပျိုးသူတစ်ဦးကပြောသည်။
ကျွန်းလှမြို့နယ်တွင် နေအိမ်ခြံဝင်းအတွင်း ဂန္ဓမာ၊ မေမြို့၊ သပြေ စသည့် ပန်းမျိုးစုံ စိုက်ပျိုးကြကြောင်း၊ မိသားအပိုဝင်ငွေရရှိပြီး ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ