ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ နွေစပါးနှင့် အခြားနွေသီးနှံ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး လယ်ယာလုပ်ငန်းခွင် ကြိုးပမ်းဆောင်ရွက်

 

ပွင့်ဖြူ မတ် ၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီအတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဖေဖော်ဝါရီ (၁၅)ရက်နေ့ကစတင်ပြီး မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများ ဖြန့်ဝေပေးနေပြီဖြစ်ရာ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက နွေသီးနှံလျာထားချက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် မိမိတို့၏ လယ်ယာမြေများကို မြေဆီမြေဩဇာထည့်သွင်းခြင်းနှင့် ထယ်ရေးညက်အောင် ထွန်ယက်ပြုပြင်ခြင်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

"ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ နွေစပါး၊ နွေနှမ်းနဲ့ အခြားနွေသီးနှံစိုက်ဧက ၆၆၀၀၀ ကျော် လျာထားစိုက်ပျိုး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒေသခံတောင်သူတွေ နွေသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစပြီး မြောင်းမုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ စပါးစိုက်လယ်မြေတွေအတွက် စိုက်ပျိုးရေ ဖြန့်ဝေပေးထားပြီဖြစ်ပါတယ်။ နွေစပါး စိုက်ပျိုးဖို့အတွက် စိုက်ပျိုးရေ ဖြန့်ဝေပေးနေပြီဖြစ်လို့ ဒေသခံတောင်သူတွေက နွေသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ဖို့နဲ့ သတ်မှတ်လျာထားချက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် မိမိတို့ရဲ့ လယ်ယာမြေတွေကို  ထယ်ရေညက်အောင် ထွန်ယက်ပြုပြင်ခြင်း၊ ပေါင်းမြက်နဲ့ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ မြေဆီလွှာကောင်းမွန်စေရန် မြေဆီမြေဩဇာထည့်သွင်းခြင်းလုပ်ငန်းများကို ကြိုးပမ်းလုပ်ကိုင်နေကြပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။

ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆည်ရေသောက်ဧရိယာ အများဆုံးစိုက်ပျိုးနိုင်သည့် မြို့နယ်တစ်ခုဖြစ်ကာ နှစ်စဉ် နွေသီးနှံရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် ဒေသခံတောင်သူများက နွေစပါးသီးနှံအဖြစ် ဆာဖိုးသာ၊ ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ပခန်းရွှေဝါ၊ သီးထပ်ရင်၊ ချမ်းမြေ့မေ၊ ပေါ်ဆန်းရင် စတဲ့ စပါးမျိုးများကို အဓိကစိုက်ပျိုးကြကြောင်း၊ ဆီထွက်သီးနှံ နှမ်းစိုက်ပျိုးမှုအနေဖြင့် စမုံနက်၊ သိပ္ပံနှမ်းနက်နဲ့ နှမ်းဖြူမျိုးကို စိုက်ပျိုးကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ မဲဇလီရေလွှဲဆည်ရေဖြင့် တစ်မြို့နယ်လုံး နွေစပါးသီးနှံ ၃၃၂၃၅ ဧက၊ နွေနှမ်း ၃၃၇၃၇ ဧက၊ စုစုပေါင်း နွေသီးနှံစိုက်ဧက ၆၆၉၇၂ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နွေသီးနှံစိုက်ပျိုးမှုလျာထားချက်စာရင်းအရ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)