မြိတ် မတ် ၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ပြည်သူ့ဆေးရုံကြီးတွင် မြိတ်ခရိုင် ကိုဗစ်-၁၉ ရန်ပုံငွေ ရှာဖွေစုဆောင်းရေးနှင့် ထောက်ပံ့ကူညီရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းကပြုလုပ်ခဲ့ကြပြီး မြိတ်ပြည်သူ့ဆေးရုံကြီး မျက်စိလူနာများအတွက် ကွန်ပျူတာ မျက်စိရေချိန်တိုင်းကိရိယာ(NCT)စက်နှင့် ကင်ဆာရောဂါလူနာများအတွက် မတည်အလှူငွေများ လှူဒါန်းပေးအပ်ကြသည်။
အစည်းအဝေးတွင် မြိတ်ခရိုင် ကိုဗစ်-၁၉ ရန်ပုံငွေရှာဖွေစုဆောင်းရေးနှင့် ထောက်ပံ့ကူညီရေး ကော်မတီနာယက၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကားပြောကြားပြီး ကိုဗစ်-၁၉ ရန်ပုံငွေရှာဖွေစုဆောင်းရေးနှင့် ထောက်ပံ့ကူညီရေးအတွက် ဘဏ္ဍာငွေရှာဖွေရေးကော်မတီ အဖွဲ့ဝင် ဦးအင်ဟိုက ကော်မတီ၏ ဘဏ္ဍာငွေရရှိမှု/သုံးစွဲမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြိတ်ခရိုင်ကိုဗစ်-၁၉ ရန်ပုံငွေရှာဖွေစုဆောင်းရေးနှင့်ထောက်ပံ့ကူညီရေးကော်မတီဥက္ကဋ္ဌ ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းတည်ထောင်ကြီးကြပ်သူ ဒေါ်တင်တင်ထွေးက ကိုဗစ်-၁၉ ရန်ပုံငွေရှာဖွေစုဆောင်းရေးနှင့် ထောက်ပံ့ကူညီရေးကိစ္စရပ်များ၊ ကင်ဆာဖောင်ဒေးရှင်းလုပ်ငန်း ဆောင်ရွက်မှုတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရန်ပုံငွေရှာဖွေစုဆောင်းရေးနှင့် ထောက်ပံ့ကူညီရေး ကော်မတီဝင်များမှ ကော်မတီ၏ရန်ပုံငွေဆိုင်ရာများကို အကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်သူ့ဆေးရုံ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာအေးမြတ်ဦးက ကွန်ပျူတာ မျက်စိရေချိန်တိုင်းကိရိယာ(NCT)စက်ဖြင့် မျက်စိလူနာကုသမှုလုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကင်ဆာအထူးကုဆရာဝန် ဒေါက်တာနေနွယ်ဦးက ကင်ဆာရောဂါကုသမှု လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်အထူးကုဆရာဝန်(ဆေးပညာ) ဒေါက်တာမေဇင်ဖွေးက ကျောက်ကပ်သန့်စင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆေးကုသမှုအခြေအနေများအားရှင်းလင်း ပြောကြားကြသည်။
ဆက်လက်၍ မြိတ်ခရိုင် ကိုဗစ်-၁၉ ရန်ပုံငွေရှာဖွေစုဆောင်းရေးနှင့် ထောက်ပံ့ကူညီရေး ကော် မတီနာယကမှ ပြည်သူ့ဆေးရုံအတွက်ကွန်ပျူတာရေချိန်တိုင်းကိရိယာ (NCT)စက်ဝယ်ယူနိုင်ရေးအတွက် အလှူငွေကျပ်သိန်း(၄၉၀)ကျော်နှင့် ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်းပညာရေးမိသားစုမှ ကင်ဆာဖောင်ဒေးရှင်းအတွက် မတည်အလှူငွေ ကျပ်သိန်း(၅၀၀) လှူဒါန်းပေးအပ်ကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်း က လက်ခံရယူသည်။
ထို့နောက် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည့် လူနာများအတွက် မတည် အလှူငွေ ပေးအပ်လှူဒါန်းမှုများအတွက် ဆေးရုံအုပ်ကြီးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )