နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အင်္ဂလိပ်စာပညာဒါနသင်တန်း ဖွင့်လှစ်

နတ်မောက် မတ် ၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အင်္ဂလိပ်စာပညာဒါနသင်တန်းကို မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူများအား နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိရှိအသုံးချနိုင်ရန်၊ နိုင်ငံတကာသုံးဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာကို အခြေခံမှစ၍ ကျွမ်းကျင်စွာပြောဆိုရေးသားနိုင်ရန်နှင့် မိဘများအပေါ် ပညာရေးကုန်ကျစရိတ်ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန်ရည်ရွယ်၍ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းတွင် အင်္ဂလိပ်စာသင်တန်းနည်းပြဆရာမ ဒေါ်ဂျူးဂျူးမာက အခြေခံသဒ္ဒါဝေါဟာရနှင့် နေ့စဥ်သုံးအင်္ဂလိပ်စကားပြောစသည်တို့ကို အဆင့်ဆင့် သင်ကြားပေးသွားမည်ဖြစ်ပြီး နတ်မောက်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ ၃၅ ဦးတို့က စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြသည်။

နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် အင်္ဂလိပ်စာပညာဒါနသင်တန်းကို မတ်လ ၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၁လကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း