စလင်းမြို့နယ်တွင်​ နွေရာသီကျောင်းပိတ်ရက် အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်သင်​ကြားပို့ချ

စလင်း မတ် ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီမှ ကြီးမှူး၍ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူငယ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းကို ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်ကာ ဖွင့်လှစ်ပို့ချသင်ကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်နှင့် သင်တန်းတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောပြီးနောက် သင်တန်းကြီးကြပ်ဆရာမ (၄) ဦး၊ အင်္ဂလိပ်စာသင်တန်းဆရာမ (၂) ဦး၊ ယဥ်ကျေးလိမ္မာသင်တန်းဆရာမ (၃) ဦးတို့ဖြင့် သင်ကြားသွားမည်ဖြစ်သည်။

ဆက်လက်၍ သင်တန်းဆရာမတစ်ဦးက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်နှင့်  လူမှုရေးအသင်းအဖွဲ့များက သင်ကြားမှုအထောက်အကူပြုပစ္စည်းများကို ဝေငှခဲ့ပြီး သင်တန်းသားများအား အခြေခံအင်္ဂလိပ်စာပညာကို စတင်သင်ကြားပေးပြီးနောက် အခြေခံအင်္ဂလိပ်စာကို သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၀၀) ဦးတို့က စိတ်ပါဝင်စားစွာ လေ့ကျင့်သင်ယူလျက်ရှိရာ သင်တန်းအား မတ်လ ၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ နံနက် ၈ နာရီမှ ၁၀ နာရီအထိတစ်ကြိမ် ၁၀ နာရီမှ ၁၂နာရီအထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်လွင်(စလင်း)