ပုသိမ် မတ် ၄
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီးတို့သည် တာဝန်ရှိသူများနှင့်အတူတက်ရောက်၍ သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဦးစွာ အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကာ ဗုဒ္ဓဂုဏ်တော် များဖြင့် သီကျူးဖွဲ့ဆိုထားသော ထူးမခြားနား သီချင်းခန့်ဖြင့်ပူဇော်ခဲ့ပြီးနောက် နိုင်ငံတော်ဩ ဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသုန္ဒရ အရှင်သူမြတ်က သမ္မောဒနီယဩဝါဒ ကထာနှင့် ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်သော ပရိတ်တရားတော်များ နာယူကြည်ညိုကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ထို့နောက် အကြည်ညိုခံပင့်သံဃာဆရာတော်ကြီးများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ဇနီးနှင့် တာဝန်ရှိသူအသီးသီးက လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့နှင့် မဟာသဒ္ဓမ္မဇောတိကဓဇ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရဆရာတော်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ မဟာသဒ္ဓမ္မဇောတိကဓဇ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်များကို စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန် ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့ကလည်းကောင်း၊ မဟာသဒ္ဓမ္မဇောတိကဓဇနှင့် မဟာကမ္မဋ္ဌာန စရိယ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရရှိသည့် ဆရာတော်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးကလည်းကောင်း၊ ဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိတဓရ ၊ သဒ္ဓမ္မဇောတိကဓဇ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရဆရာတော်များကို တာဝန်ရှိသူ အသီးသီးကလည်းကောင်း၊ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့နှင့် မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်ရရှိသည့် သီလရှင်ဆရာကြီးများနှင့် ဓမ္မာစရိယစာမေးပွဲ အထူးအောင် သာမဏေအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း ဆက်ကပ်ခဲ့ပြီး နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သုဓမ္မမဏိဇောတဓရဘွဲ့ရရှိသည့် လူပုဂ္ဂိုလ်တစ်ဦးအား ဘွဲ့တံဆိပ်ဆက်လက်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယ ကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသော ဘိတ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ စေတနာရှင်အလှူရှင်များက မြတ်စွာဘုရား အမှူး ထား၍ ပင့်သံဃာဆရာတော်(၁၁)ပါး၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၂၉)ပါး၊ သီလရှင်ဆရာကြီး(၂)ပါး၊ အထူးအောင်သီလရှင်(၁)ပါး၊ စုစုပေါင်း (၄၃) ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုအစုစုတို့အားလောင်းလှူပူဇော်ခဲ့ကြကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)