ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့ အခမ်းအနား တက်ရောက်

ပုသိမ်     မတ်          ၄       

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာတွင် (၆၄)နှစ်မြောက် တောင်သူလယ် သမားနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တောင်သူလယ်သမားနေ့အခမ်းအနား မုခ်ဦးဆိုင်းဘုတ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် စိုက်ပျိုးပြသထားသည့် ဆီထွက်သီးနှံနေကြာစိုက်ခင်း၊ သစ်သီးဝလံပန်းမန် ဥယျာဉ်၊ အိမ်ခြံဝန်းဟင်းခင်းပဒေသာ (Home Garden)၊ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးကန်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြသထားသည့် သီးနှံစုံစိုက်ခင်းများနှင့် ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုး နေမှုများကို  လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကဖတ်ကြားပြီးနောက် ဆက်လက်၍ “ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်တောင်သူ လယ်သမားနေ့အခမ်းအနားကိုနှစ်စဥ်ကျင်းပခဲ့ပြီး တစ်ကြိမ်ထက် တစ်ကြိမ် ထူးခြားပြီးအနှစ်သာရပြည့်ဝသည့် တောင်သူလယ်သမားနေ့အခမ်းအနားများကို ကျင်းပနိုင်ခဲ့ သည်ဟု ပြောရမည်ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးဖြစ် ထွန်းမှုများကိုလည်း ပြသနိုင်ခဲ့ပါကြောင်း၊ ယခင်နှစ်တောင်သူလယ်သမားနေ့အခမ်းအနားတွင် တောင်သူများ၊ စိုက်ပျိုးရေးပညာရှင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ သီးနှံစုံပန်းတိုင်အထွက် နှုန်းရောက်ရှိ ရေးအတွက် ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ရလဒ်များ၊ လုပ်ငန်းစဉ်များဖော်ထုတ်၍ တိုင်းဒေသကြီးအစိုး ရအဖွဲ့နှင့် တောင်သူများ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် အထွက်နှုန်းများ သည်လည်း တိုးတက်လာသည်ကိုတွေ့ရှိရပါကြောင်း၊  တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တောင်သူများ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး လယ်ယာထွက်ကုန်များမှရရှိသည့် ဝင်ငွေတိုးတက်မြင့် မားလာစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံ အထွက်နှုန်းများ တိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရန်  မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျအကောင် အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  ထို့အပြင် ဆီဖူလုံစေရေး အတွက်လည်း နေကြာအပါအဝင် မြေပဲ၊ နှမ်း၊ ပဲပုပ် စသည့် ဆီထွက်သီးနှံများ ကိုလည်း တိုးချဲ့စိုက်ပျိုး လျက်ရှိပါကြောင်း၊  စိုက်ပျိုးမွေးမြူရေးသာမက နယ်ပယ်စုံ  ဖွံ့ဖြိုးတိုးတက်စေရန် တောင်သူလယ် သမားနေ့ ဆွေးနွေးပွဲတွင် စုပေါင်းဆွေးနွေးမှုဖြင့်  ရည်မှန်းချက်များအား အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်  စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ကြမ်းမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် တောင်သူလယ် သမားနေ့အခမ်း အနားသည် ရုပ်ဝတ္ထုသဏ္ဍာန်အားဖြင့် ပြည့်စုံသည်ဟုပြောရမည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များစွာ ရှိနေပါကြောင်းနှင့် ပို့ကုန်နှစ်ဆတိုး မြှင့်ရေးအတွက် ယခုအခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်သူဦးကြီးများကလည်း ဝိုင်းဝန်းပံ့ပိုးပေးကြ စေလိုကြောင်း” တောင်သူလယ်သမားနေ့အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး  တေးသီချင်း များဖြင့် သီဆိုဖျော်ဖြေမှုများ၊ စာတမ်းရှင်များ၏ စာတမ်းများ ဖတ်ကြား ဆွေးနွေးမှုများ၊ ဆုရတောင် သူများ၏ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင် ပြမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက်  ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ မိုးစပါးသီးနှံစိုက် ထူးချွန်တောင်သူဆု၊  ပီလောပီနံ သီးနှံ စိုက်ထူးချွန်တောင်သူဆု၊  ပဲပုတ်-ပဲကြီးသီးနှံစိုက်ထူးချွန်တောင်သူဆု၊  သီဟို၌သီးနှံ စိုက်ထူးချွန်တောင်သူဆု၊ ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းရှင်ထူးချွန်ဆု၊ ရော်ဘာ၊ နာနတ်စိုက်ပျိုးရေး ထူးချွန်တောင်သူဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး ထူးချွန်ဆုရရှိသူများကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူအသီးအသီး ကလည်း ကောင်း ဆုများချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြောင်းမြကျောင်း ပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ ကြွရောက် တော်မူလာကြသည့် ဆရာတော် အကြည်ညိုခံဆရာတော်ကြီးများ၊ ဘွဲ့ခံဆရာ‌တော် သံဃာတော် အရှင် သူမြတ်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

လှမင်းထွဋ်(ပြန်/ဆက်)