ထားဝယ် မတ် ၄
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သော ကျောင်းပြင်ပပညာရေးသင်ယူနေသည့် ကျောင်းသူများအတွက် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသူများအား ပညာဆက်လက်သင်ကြားခွင့်များ ဆောင်ရွက်ပေးနေသလို လူမှုပတ်ဝန်းကျင်မှာလည်း ၎င်းတို့၏ ဘဝရပ်တည်မှု အထောက်အကူ ပြုနိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ အခြေခံစက်ချုပ်သင်တန်းတက်ရောက်ပြီးသူများအတွက် အဆင့်မြင့်စက်ချုပ်သင်တန်းကိုလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ စက်ချုပ်ပညာရပ်သည် သာမာန်ပညာရပ်တစ်ခုမဟုတ်ပဲ သင်္ချာ၊ အင်ဂျင်နီယာဘာသာရပ်နှင့် အနုပညာတို့ပါဝင်နေသည့် အဖိုးတန် အသက် မွေးဝမ်းကျောင်းပညာရပ် တစ်ခုဖြစ်ကြောင်း၊ စက်ချုပ်ပညာဖြင့် ကိုယ်ပိုင်စီးပွားရေးထူထောင်ခြင်း၊ အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်ခြင်း၊ အခြားသူများအား သင်တန်းပြန်လည်ပို့ချခြင်းစသော စီးပွားရေး အခွင့်အလမ်းများစွာကို လက်လှမ်းမီဆောင်ရွက်နိုင်သည့် ပညာရပ်တစ်ခုဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း၌ အထူးစီးပွားရေးဇုန်စီမံကိန်းအရ ပေါ်ပေါက်လာမည့် အလတ်စားနှင့်အသေးစားစက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များကို ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှာ ဖြစ်ကြောင်း၊ သင်တန်းကရရှိသော ပညာရပ်များဖြင့် မိမိတို့ဘဝရပ်တည်မှု၊ ကိုယ်ပိုင်ဝင်ငွေ၊ မိသားစုဝင်ငွေတိုးပွားရေးအတွက် ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုမှာဖြစ်ကြောင်း၊ သင်တန်းကရရှိသည့် ပညာရပ်များကို ဆက်လက်အသုံးပြုသွားကြရန် ဘာသာရပ်အသစ်များကိုလည်း ဆက်လက်လေ့လာသင်ယူကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်ဆုရရှိသူသင်တန်းသူတစ်ဦးအား ဂုဏ်ပြုဆုချီးမြှင့်ပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
ဆက်လက် ၍တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က သင်တန်းသူများအားသင်တန်းဆင်း လက်မှတ်များ ပေးအပ်ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ သင်တန်းပို့ချမှုမှတ်တမ်း Video Clip အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတို့က ကြည့်ရှုအားပေးပြီး သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသူများ ချုပ်လုပ်ထားသည့် အဝတ်အထည်များအား ကြည့်ရှုအာပေးပြီး သင်တန်းသူများအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)