ဆိုလာနည်းပညာကိုတက်ကျွမ်းပါကခိုင်မာသည့်အလုပ်အကိုင်အခွင့်အလမ်းနှင့်ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်မည်

ဘားအံ မတ် ၄

ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရေးလုပ်ငန်းကော်မတီမှကြီးမှူး၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၏ ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သော လျှပ်စစ်ဆိုလာတပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲကို မတ် ၄ ရက် နံနက် ၈ နာရီက ဘားအံမြို့နယ် ဘုရားကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်အားပေးချီးမြှင့်သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် သင်တန်းသားများ၏ ဘဝရပ်တည် နေထိုင်ရေးအတွက် အကျိုးဖြစ်ထွန်းစေမည့်သင်တန်းဖြစ်ပြီး သင်ကြားပို့ချပေးသော သင်ခန်းစာများကိုသေချာစွာလေ့လာ မှတ်သားအသုံးချ၍မိမိဘဝတိုးတက်အောင်မြင်နိုင်ရေးအတွက်စနစ်တကျသင်ယူကာ အောင်မြင်သည့်ပန်းတိုင်သို့ရောက်ရှိနိုင်အောင် ကြိုးစားအားထုတ်ကြ စေလိုကြောင်း၊ ခေတ်နှင့်အညီတိုးတက်လာသည့်ဆိုလာနည်းပညာကိုတက်ကျွမ်းမည်ဆိုပါက ခိုင်မာသည့်အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်သည်အထိ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လက်တွေ့ဘဝနယ်ပယ်တွင် အသုံးချနိုင်ရန်အတွက် အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှူးက သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဖွင့်လှစ်ခဲ့သောသင်တန်းများမှဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသော ဒေသခံမိဘပြည်သူများနှင့်သင်တန်းသား၊ သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားသည်။

ယနေ့ဖွင့်လှစ်သည့်သင်တန်းကို ဘုရားကုန်းကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ  သင်တန်းသား(၂၀) တက်ရောက်ကြပြီး ကျွမ်းကျင်နည်းပြများက လုပ်ငန်းခွင်ဆိုင်ရာအတွေ့အကြုံများကို မတ် ၄ ရက်မှ ဧပြီ ၄ ရက်အထိ တစ်လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပထမအကြိမ်ကရင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေး လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရန်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၃ ရက် နံနက် ၁၀ နာရီ က ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျင်းပရေးဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သက်ဆိုင်ရာလုပ်ငန်းကော်မတီများက မိမိတို့ဆောင်ရွက်ရမည့်ကဏ္ဍအလိုက် ဆောင်ရွက်ရန်ရှိသည်များကို အောင်မြင်စွာဝိုင်းဝန်းဆောင်ရွက်ကြစေလိုပြီး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြပေးကြစေလို ကာ ပထမပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများက ဝိုင်းဝန်းပူးပေါင်း၍ အလေးထားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အစည်းအဝေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဦးစီးကော်မတီအတွင်းရေးမှူး ကရင်ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာသက်ဇော်ဦးက ပြည်နယ်လွှတ်တော်အစည်းအဝေးမကျင်းပမီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ လုပ်ငန်းကော်မတီ(၆)ခုမှတာဝန်ရှိသူများက လုံခြုံရေး၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေး၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားပေးနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနိုင်ရေး၊ ဘဏ္ဍာရေး၊ သတင်းပြန်ကြားရေးနှင့်မှတ်တမ်းထိန်း သိမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)