လှိုင်းဘွဲမြို့နယ် ရေဘုတ်ရေလှောင်တမံမှ နွေစပါးနှင့်နွေသီးနှံစိုက်တောင်သူများအတွက် စိုက်ပျိုးရေများ ဖြန့်ဝေ

လှိုင်းဘွဲ   မတ် ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာအုပ်စုအတွင်းရှိ ရေဘုတ်ရေလှောင်တမံမှ နွေစပါးစိုက်ခင်းများနှင့် နွေသီးနှံများ၊စားဖိုဆောင်သီးနှံစိုက်တောင်သူများအတွက်  စိုက်ပျိုးရေများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ ရေဘုတ်ရေလွဲဆည်မှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးခဲ့ကြောင်း   လှိုင်းဘွဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးထံမှ သိရသည်။

လှိုင်းဘွဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ နွေစပါးနှင့် နွေသီးနှံများအချိန်မီစိုက်ပျိုးထွန်ယက်နိုင်ရေးအတွက် နှစ်စဉ်ရေဘုတ်ရေလွဲဆည်မှ ဆည်ရေများကို ရေဘုတ်ရေလှောင်တမံတူးမြောင်းမကြီးမှတဆင့် ထီလုံ၊ သပုထို၊ နောင်သငဲ့၊သမ္ဘာန်၊ရွာသာအေးစသည့် ကျေးရွာများရှိဆည်ရေသောက်စိုက်ဧကစုစုပေါင်း ၁၄၆၈ ဧကကို စိုက်ပျိုးရေများပေးဝေလျက်ရှိသည်။

ရေဘုတ်ရေလှောင်တမံကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး အမြင့် ၄၆ ပေ၊ အလျား ၁၇၇၂၀ ပေ၊ ကန်ရေပြည့်ရေပြင်ကျယ်ဧရိယာ ၂၅၃၄ ဧကရှိသော မြေသားတမံအမျိုးအစားဖြစ်ပြီး ဆည်ရေသောက်စနစ်အနေဖြင့်  ၆ ဒသမ ၂၅ မိုင်အရှည်ရှိ တူးမြောင်းမကြီး(၁)ခု၊ ၁၅ ဒဿမ ၅၂ မိုင်အရှည်ရှိ လက်တံမြောင်း (၆) ခု၊ ၁၀ ဒသမ ၇၈ မိုင်အရှည်ရှိ တိုက်ရိုက်ရေပေးမြောင်း(၂၁)ခုတို့ဖြင့် ဆည်ရေများကိုဖြန့်ဝေပေးလျက်ရှိသည်။

ရေဘုတ်ရေလှောင်တမံမှ ဆည်ရေသောက်ဧရိယာအတွင်းဒေသနေတောင်သူများမှ နွေစပါး ၃၃၈ ဧက၊ နွေနှမ်း ၅ ဧက၊  ပဲမျိုး၁၃၂ ဧက၊ ဖရဲ ဧက ၃၀၊ ဟင်းသီးဟင်းရွက် ၅၇ ဧက၊ ပိုက်ဆံလျှော် ၁၇ ဧက၊ ကြက်သွန်နီနှင့်ပန်းမျိုးစုံ ၅ ဧက၊ စုစုပေါင်း(၅၈၄)ဧကကို စိုက်ပျိုးပြီးစီးထားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

စောဒိ(ပြန်/ဆက်)