(၃၅) ကြိမ်မြောက် ဝေါမြို့၊ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီး ဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ဝေါ မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျှက်ရှိသည့် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏ (၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များ ပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ် ၂ ရက်နေ့၊ (တပေါင်းလပြည့်နေ့) နံနက် ၉ နာရီအချိန်က မြို့နယ်စီမံခန့်ခွဲ​​ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူအလှူရှင်များ  စုပေါင်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအား နမောတဿ ( ၃ ) ကြိမ်ရွတ်ဆိုဘုရားကန်တော့ကာ အောင်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်အခမ်းအနားဖွင့်လှစ်ပြီး၊ ထေရ်ကြီးဝါကြီး သက်တော်ရှည်ဆရာတော်ကြီး (၁၂) ပါးအား ပူဇော်ကန်တော့ကာ ဒလနွမ်းကျောင်းဆရာတော် ဦးသြဘာသထံမှ သြဝါဒခံယူပြီး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းက ဗုဒ္ဓပူဇနိယပွဲတော်၏ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများအား ပေးအပ်လှူဒါန်းရာ စေတီတော်ဂေါပက အဖွဲ့ ဥက္ကဌ ဦးဌေးအောင်က လက်ခံရယူသည်။ ယင်းနောက် ဘိုးဦးစိန်ကျောင်းဆရာတော် ဘဒ္ဒန္တဇနိန္ဒထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ ရေစက်ချတရားချီးမြှင့်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုကာအခမ်းအနားရုတ်သိမ်းသည်။

ဆက်လက်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စေတီတော်ရင်ပြင်တွင် ကျင်းပရာ ထေရ်ကြီး ဝါကြီး သက်တော်ရှည်ဆရာတော်ကြီး(၁၂)ပါးနှင့်  မြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း(၁၆၈)တိုက်မှ သံဃာတော်(၁၆၈)ပါးကို ဌာနဆိုင်ရာများ၊ အလှူရှင်များ ရပ်ကွက်၊ကျေးရွာများမှ ဒေသခံပြည်သူ များက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူခဲ့ပြီး၊ ကြွရောက်အပူဇော်ခံသည့် ဆရာတော်ကြီးများနှင့် ဧည့်ပရိသတ်အပေါင်းတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)