တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအထူးသင်တန်းများ ဖွင့်လှစ်

တောင်ငူ မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များတွင်  ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍  အခြေခံကွန်ပျူတာသင်တန်း၊ ပန်းချီသင်တန်းနှင့် ကွန်ပျူတာပန်းချီသင်တန်းတို့ကို  တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားသည်။

ဦးစွာ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ သင်တန်းအား ဖွင့်လှစ်သည်။

အဆိုပါနွေရာသီအထူးသင်တန်းများကို မတ်လ ၃ ရက်နေ့မှ ၃၁ ရက် နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး အခြေခံကွန်ပျူတာသင်တန်းတွင် နည်းပြ ဦးလူမင်းဟန် (ပညာရေးဌာန)မှ သင်တန်းသားသင်တန်းသူ (၂၀)ဦးအားလည်း ကောင်း၊အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် တောင်ငူမြို့နယ် ပန်းချီပန်းပုအစည်းအရုံးနာယက ပန်းချီဆရာ ဦးစိုးမြင့်လေး (တောင်ငူ)မှနည်းပြအဖြစ် သင်တန်းသားသင်တန်းသူ (၃၀)ဦးအားလည်း ကောင်း၊ကွန်ပျူတာပန်းချီသင်တန်းတွင် နည်းပြ ဦးရန်နိုင်ထွန်းမှ သင်တန်းသားသင်တန်းသူ (၂၀)ဦးအားလည်းကောင်း အသီးသီးသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

ဇော်ကိုကို (တောင်ငူ)