နတ်မောက်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နွေရာသီသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နတ်မောက် မတ် ၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နွေရာသီသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးမင်းဆွေတို့က နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/သူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် အကျင့်စာရိတ္တကောင်းမွန်စေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများတွင် ယဥ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြဆရာမများက ၃၈ ဖြာမင်္ဂလာတရားတော်များ၊ ဘုရားရှိခိုးနည်းစနစ်များ၊ မိဘဆရာသမားများအပေါ် ဆက်ဆံရမည့် ယဥ်ကျေးမှုနှင့် အခြေခံကိုယ်ကျင့်တရားများ စသည့် အကြောင်းအရာများကို သင်ကြားပေးလျက်ရှိရာ ကျောင်းသား/သူ (၅၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ (၃)ရက်နေ့မှ (၁၀)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း