ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရုံသာမက စဉ်းစားတွေးခေါ်နိုင်စေရန် စာဖတ်ဝိုင်းကျင်းပ

လိပ်သို မတ်  ၄

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်အတွက် စာရေးဆရာသက်လုံ ရေးသားသော “တတိယနားဖြင့်နားထောင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာအုပ်စာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် မိမိ၏ကိုယ်ရည်ကိုယ်သွေးကို တိုးတက်ပြောင်းလဲအောင် ပြုပြင်ပြောင်းလဲစေနိုင်ခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတတိုးပွားစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း၊ စာဖတ်ဝိုင်း‌ဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။  

ထို့နောက် ကျောင်းသား/ကျောင်းသူလူငယ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Grade-9ကျောင်းသူ နော်မိုးစန္ဒာက “ လေ့လာစူးစမ်း လျှောက်မည့်လမ်း ” ခေါင်းစဉ်အောက်မှ “ အသိပညာကို ရှာဖွေရာတွင် စူးစမ်းခြင်းသည် အလွန်အရေးပါအရာရောက်သော လက်နက်ပစ္စည်းတစ်ခု ဖြစ်ပေရာ ပညာကိုလိုလားသူမှန်သမျှသည် စူးစမ်းခြင်းအလေ့အထကို မွေးမြူထားသင့်ကြောင်း၊ စူးစမ်းခြင်းမှ တန်ဖိုးမဖြတ်နိုင်သော ပညာများကို ရနိုင်ကြောင်း၊ စူးစမ်းခြင်းသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တည်းဟူသော ကာလသုံးပါးကို ဆက်စပ်ကြည့်သောအတတ် ဖြစ်ကြောင်းစသည့် အကြောင်းအရာများကိုဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူလူငယ်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးကြသည်။

စာရေးဆရာ သက်လုံရေးသားသော “ တတိယနားဖြင့် နားထောင်ခြင်း” စာအုပ်အား ဖတ်ရှုခြင်းဖြင့် စူးစမ်းခြင်းသည် နောင်ဖြစ်ပေါ်လာမည့်အကျိုးတရားများကို ခန့်မှန်းတွက်ချက်နိုင်သလို အနာဂတ်ကိုလည်းအမြော်အမြင်​ကြီးစွာ ဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

နော်ဖလောရင်း