ဘားအံ မတ် ၄
ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီး၌ စာသင်၊စာချသီတင်းသုံးနေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်၊ သာမဏေ၊သီလရှင်များ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရေး၊ ပစ္စည်းလေးပါးအဆင်ပြေစေရေးနှင့် ထေရဝါဒဗုဒ္ဓသာသနာတော်ကိုအထောက်အပံ့ဖြစ်စေရေးရည်မှန်းပြီး ဘားအံမြို့ကျက်သရေဆောင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၏ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ် ၂ ရက်က ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အဆိုပါစေတီတော်တည်နေရာ၌ ကျင်းပသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများက ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများ အမှူးပြုသော ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၅၆ ကျောင်း၊သီလရှင်ကျောင်း ၁၅ ကျောင်းတို့မှ ရဟန်း၊ သာမဏေ၊ သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆေး၊ ဆား၊ ခေါက်ဆွဲခြောက်၊ အသုံးအဆောင်ပစ္စည်းများ၊ တိုင်းရင်းဆေးအမျိုးမျိုးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လောင်းလှူခဲ့ကြသည်။
ဆက်လက်၍ စတုဒိသာလှူဒါန်းပွဲကို မွန်းလွဲ ၅ နာရီက ဘားအံမြို့မဘောလုံးအားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်စတုဒိသာလှူဒါန်းပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
မြို့မဘောလုံးကွင်းအတွင်း ဌာနဆိုင်ရာများ၊ ဘားအံမြို့ပေါ်ရှိရပ်ကွက်များမှ မိဘပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းစတုဒိသာ မဏ္ဍပ် ၆၂ ခုမှ မြန်မာမုန့်အမျိုးမျိုး၊ အချိုရည်အမျိုးမျိုး၊ စားဖွယ်အမျိုးမျိုးတို့ဖြင့် စတုဒိသာတည်ခင်းဧည့်ခံမှု၊ ဘားအံမြို့ပေါ်ရှိရပ်ကွက်များနှင့်ပတ်ဝန်းကျင်ဒေသများမှ စတုဒိသာလာရောက်သုံးဆောင်နေမှုနှင့် ဝန်ကြီးဌာနအလိုက်မီးပုံးပျံများလွှတ်တင်မှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)