မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား တက်ရောက်

မကွေး မတ်

၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းခံရသော မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို မတ်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီက မကွေးမြို့၊ မြသလွန်စေတီတော်ရင်ပြင် မဟာဝိဇယရံသီတန်ဆောင်းတော်၌ ကျင်းပခဲ့သည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး နိုင်ငံတော်ရွှေတံဆိပ်ဆုရ တေးသံရှင် ခင်ရတနာမိုးမြင့်(စောင်းပညာရှင်)က နိုင်ငံတော်ရွှေတံဆိပ်ဆုရှင်(တယော) မောင်လွင်သန့်ထူးအောင်နှင့်တွဲဖက်၍ ဗုဒ္ဓရောင်ခြည်တော်ဖွင့် ထူးမခြားနားသီချင်းခံ (၃)ပိုဒ်ဖြင့် ဘွဲ့ခံဆရာတော်များအား သီဆိုပူဇော်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင် တောင်တွင်းကြီးမြို့ ငှက်ပစ်တောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တမာနိတထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ပြီး ပခုက္ကူမြို့၊ မဟာဝိသုတာရာမ(အလယ်)တိုက် (မဟာဂန္ထဝါစကပဏ္ဍိတ)ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တပညိန္ဒက(သမ္မောဒနီယ) ဩဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားကာ အထူးပင့်ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၁၈)ပါး၊ သီလရှင်ဆရာကြီး (၁)ပါး၊ လူပုဂ္ဂိုလ် (၁)ဦးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် အသီးသီးနှင့် အဆောင်အယောင်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ တောင်တွင်းကြီးမြို့၊ ငှက်ပစ်တောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တမာနိတမဟာထေရ်မြတ်ထံမှ ရေစက်ချ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကာ နိုင်ငံကျော်ရွှေတံဆိပ်ဆုရ တေးသံရှင်က ကောင်းခြင်းမင်္ဂလာတေးသံသာဖြင့် သီဆိုပူဇော်ခဲ့ကြောင်းနှင့် အောင်ပွဲအထိမ်းအမှတ်အဖြစ် ကြွရောက်ချီးမြှင့်တော်မူသော အထူးပင့်သံဃာတော်များ၊ ဘွဲ့ခံဆရာတော်များနှင့် ဘွဲ့ခံသီလရှင် ဆရာကြီးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)