ပွင့်ဖြူ မတ် ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် နွေရာသီသင်တန်းများဖွင့်ပွဲ အခမ်းအနားကို မတ် ၃ ရက် ၊ နံနက် ၉ နာရီက ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းက နွေရာသီသင်တန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုး ကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နွေရာသီသင်တန်းများအတွက် လိုအပ်သော အထောက်အကူပြု ပံ့ပိုးပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ ထို့နောက် ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက Fitness Exercise ဖြင့် ကပြဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ နွေရာသီကျောင်းပိတ်ရက် ဖွင့်လှစ်မည့် သင်တန်းများတွင် ဘောလုံးအားကစားနည်း၊ ဘောလီဘောအားကစားနည်း၊ ပိုက်ကျော်ခြင်းအားကစားနည်း၊ စားပွဲတင်တင်းနစ် အားကစားနည်း၊ English Speaking၊ ယဉ်ကျေးလိမ္မာသင်တန်းနှင့် အိမ်တွင်းမှုသက်မွေးသင်တန်းများ ပါဝင်ကြောင်း သိရပြီး မတ် ၃ ရက်နေ့မှ ၉ ရက်နေ့အထိ တစ်ပတ်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )