တောင်တွင်းကြီးမြို့နယ်တွင် စားသုံးသူရေးရာအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

တောင်တွင်းကြီး မတ် ၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ရွှေကြာအင်း(၁)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား စားသုံးသူရေးရာအခွင့်အရေးများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးရေးဦးစီးဌာနမှ တာဝန်ခံ ဒေါ်ဋ္ဌေးဋ္ဌေးက စားသုံးသူပြည်သူများ၏အခွင့်အရေးနှင့် တာဝန်များ၊ ကုန်ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် အွန်လိုင်းရောင်းဝယ်ခြင်းဆိုင်ရာများ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ ကုန်စည်နှင့် ဝန်ဆောင်မှုကို တိုက်ရိုက်သုံးစွဲသူပြည်သူအများ ရရှိခံစားရမည့်အကျိုးကျေးဇူးများ၊ Consumer Call Center (1535)သို့ ဆက်သွယ်၍ စားသုံးသူရေးရာနှင့်ပတ်သက်ပြီး ဆွေးနွေးမေးမြန်းခြင်း၊ တိုင်ကြားနိုင်ခြင်း၊ စားသုံးသူအခွင့်အရေး (၈)ချက် စသည့်အကြောင်းအရာတို့ကို ရှင်းလင်းဟောပြောခဲ့ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသူရမောင်မောင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးဆိုင်ရာအကြောင်းအရာများ၊ မီးခိုး​​မြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင်က မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်တာဝန်ကြီး (၄) ရပ်၊ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသတ်ဆေးဘူး၏ အချက်အလက်များနှင့် အသုံးပြုပုံတို့ကို ရှင်းလင်းပြောကြားပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့  ရွှေကြာအင်း (၁)ရပ်ကွက်ရှိ ဒေသခံပြည်သူဦးရေ (၂၀၀) ကျော် တက်ရောက်ခဲ့ပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများအား သက်ဆိုင်ရာ ဌာနအသီးသီးမှ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)