ပွင့်ဖြူ မတ် ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း (FFA) က တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့၊ မြင့်မြတ်တော်ဝင်သီးနှံရောင်းဝယ်ရေးကုမ္ပဏီ၊ Good Brother သီးနှံရောင်းဝယ်ရေးကုမ္ပဏီတို့နှင့် ပူးပေါင်းပြီး မင်းဘူးမြို့နယ် စကုမြို့ရှိ ဝါစက်ရုံ၌ တောင်သူအစုအဖွဲ့များ စုပေါင်းပြီး ပဲမျိုးစုံသီးနှံ စုပေါင်းရောင်းချပွဲကို ယမန်နေ့နံနက်ပိုင်းကစပြီး စီစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိရာ ပဲမျိုးစုံသီးနှံ လာရောက်ရောင်းချသည့် ဒေသခံတောင်သူများအတွက် အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် ရောင်းချခွင့်ရရှိသဖြင့် အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံက သိရသည်။
အဆိုပါတောင်သူအစုအဖွဲ့များ စုပေါင်းပြုလုပ်သည့် ပဲမျိုးစုံသီးနှံစုပေါင်းရောင်းချပွဲကို မတ်လ (၁) ရက်နေ့မှစပြီး ဧပြီလ ၁၀ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပြီး နေ့စဉ် နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီ အထိ သီးနှံများကို ဝယ်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သီးနှံများဝယ်ယူရာ၌ ပဲသီးနှံအမျိုးအစားအလိုက် အရည်အသွေးအဆင့်ခွဲခြား၍ ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
"မင်းဘူးမြို့နယ် စကုမြို့ရှိ ဝါစက်ရုံမှာ တောင်သူအစုအဖွဲ့များ ပူးပေါင်းပြီးတော့ ပဲမျိုးစုံသီးနှံစုပေါင်းရောင်းချပွဲကို ပြုလုပ်လျက်ရှိပါတယ်။ ပဲမျိုးစုံသီးနှံစုပေါင်းရောင်းချပွဲ ဖြစ်မြောက်ရေးအတွက် မြို့နယ်တောင်သူဖွံ့ဖြိုးရေးအဖွဲ့က တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့၊ မြင့်မြတ်တော်ဝင်သီးနှံရောင်းဝယ်ရေးကုမ္ပဏီ ၊ Good Brother သီးနှံရောင်းဝယ်ရေးကုမ္ပဏီတို့နဲ့ ပူးပေါင်းပြီးတော့ စီစဉ်ကျင်းပတာဖြစ်ပါတယ်။ ယခုလိုဆောင်ရွက်ပေးရခြင်းရဲ့ ရည်ရွယ်ချက်က ဒေသခံ တောင်သူတွေ အချိန်ကုန်လူပင်ပန်းသက်သာစွာနဲ့ သီးနှံများရောင်းချခွင့် ရရှိစေဖို့၊ သင့်တင့်တဲ့ ဈေးနှုန်းများ မှန်မှန်ကန်ကန် ရရှိစေဖို့နဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်မှုစွမ်းအားတွေ တိုးတက်လာစေဖို့ ရည်ရွယ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ ပဲမျိုးစုံသီးနှံများ ဝယ်ယူရာမှာ သီးနှံအမျိုးအစားအလိုက် အရည်အသွေးကို ကောင်း ၊ သင့် ၊ ညံ့ အမျိုးအစားခွဲပြီးတော့ ဝယ်ယူပါတယ်။ ဈေးနှုန်းတွေကတော့ တစ်ရက်နဲ့ တစ်ရက်မတူဘူးပေါ့။ ဈေးအတက်/အကျပေါ် မူတည်ပြီး ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ ဒီနေ့ဆိုရင် ကုလားပဲသီးနှံ 929 အမျိုးအစား တစ်တင်းကို ငွေကျပ် ၇၄၅၀၀ ၊ စားတော်ပဲသီးနှံ တစ်တင်းကို ငွေကျပ် ၂၁၈၀၀၀ ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်" ဟု ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်းဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောသည်။
ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်းက ဒေသခံတောင်သူများ အဆင်ပြေစွာ သီးနှံရောင်းချနိုင်ရန်အတွက် ယခုလို တောင်သူသီးနှံစုပေါင်းရောင်းချပွဲကို စီစဉ်ဆောင်ရွက်ပေးသည့်အပြင် ဒေသတွင်းရှိ တောင်သူများ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် သီးနှံအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် လိုအပ်တဲ့ တောင်သူအသိပညာပေးဆွေးနွေးပွဲများ စီစဉ်ဆောင်ရွက်ပေးခြင်း၊ မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းသုံးသွင်းအားစုပစ္စည်းများ အချိုးကျသုံးစွဲတတ်စေရေးနှင့် သဘာဝမြေဩဇာအသုံးပြုရေး ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )