မိတ္ထီလာ မတ် ၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပညာရေး ဌာနနှင့် မြို့နယ်သိုင်းဆပ်ကော်မတီတို့ပူးပေါင်းဖွင့်လှစ်သော မြန်မာ့သိုင်း(အခမဲ့)သင်တန်းကို ယနေ့နံနက် ၈ နာရီခွဲက စတင်ဖွင့်လှစ်ပို့ချကြောင်းသိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို ဦးစွာကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးမင်းဇော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထိုနောက် မြို့နယ်သိုင်းဆပ်ကော်မတီမှတာဝန်ရှိသူတစ်ဦးက သင်တန်းတွင်သင်ကြား ပို့ချမည့် မြန်မာ့သိုင်းပညာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူကျောင်းသား ၃ဝ တက်ရောက်ပြီး သင်တန်းကာလ တစ်လတာကြာမြင့်မည်ဖြစ်သည်။
နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသူကျောင်းသားများကို အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်ရည်ရွယ်ချက်ဖြင့် မြန်မာ့သိုင်းသင်တန်းအပါအဝင် ပန်းချီသင်တန်း၊ အင်္ဂလိပ်အခြေခံသင်တန်း၊ ကဗျာရေးစပ်နည်းသင်တန်းနှင့် ပိုက်ကျော်ခြင်းသင်တန်းများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဌာန၊ မြို့နယ်စာရေးဆရာအသင်းနှင့် မြို့နယ်သိုင်းဆပ်ကော်မတီတို့ပူးပေါင်း၍ ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခမဲ့ဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရသည်။
ချမ်းသာ