ကယားပြည်နယ်ဝန်ကြီးချုပ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း၊ တောင်သူလယ်သမားနေ့အခမ်းအနားနှင့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်

လွိုင်ကော်      မတ်     

ကယားပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နေ့လယ်တွင် လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ အခမ်းအနားတက်ရောက်လာကြသူများက ပြည်နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် လွိုင်ကော်မြို့ ရွှေကျောင်းဆရာတော် ဘဒ္ဒန္တသီဟနန္ဒ (မဟာသဒ္ဓမ္မ ဇောတိကဓဇ) ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။  ထို့နောက် မဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်ရ လွိုင်ကော်မြို့၊ နွားလဝိုးသာသနာပြုကျောင်း ဆရာတော် ဘဒ္ဒန္တပညာဇောတက သမ္မောဒနီယဩဝါဒကထာ မြွက်ကြားချီးမြှင့်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မဟာသဒ္ဓမ္မဇောတိကဓဇ၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘွဲ့ခံဆရာတော် (၅) ပါးတို့အား  အဆောင်အယောင်များနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများအားလည်းကောင်း၊ ပင့်သံဃာတော်ဆရာတော် (၁၃) ပါးအား လှူဖွယ်ဝတ္ထု ပစ္စည်းများအားလည်းကောင်း ဆက်ကပ်လှူဒါန်းကာ လူပုဂ္ဂိုလ်တစ်ဦးအား သုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော် ပေးအပ်သည်။ ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် လွိုင်ကော်မြို့ ရွှေကျောင်းဆရာတော် ဘဒ္ဒန္တသီဟနန္ဒ (မဟာသဒ္ဓမ္မ ဇောတိကဓဇ) ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။

အလားတူ ယနေ့နံနက်(၉)နာရီက (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့ အခမ်းအနားကို လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပသည်။ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ပြည်နယ်ဝန်ကြီးချုပ် က ဖတ်ကြားပြီး မိုးစပါးသီးနှံ၊ နွေစပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆုနှင့် ဝက်မွေးမြူရေး ထုတ်လုပ်မှု ထူးချွန်ဆုရ စိုက်ပျိုးရေးနှင့် မွေးမြူရေးတောင်သူများအား ဆုချီးမြှင့်ပေးအပ်သည်။ ထို့နောက် ဒေသကွပ်ကဲရေးမှူးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က   စိုက်ပျိုး ထုတ်လုပ်မှု ထူးချွန်ဆုရ တောင်သူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် နောင်ယား(က)ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဟင်းသီးဟင်းရွက် စံပြစိုက်ခင်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ပြီး တောင်သူ များက စိုက်ခင်းအတွင်း လည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။ ထို့နောက် တောင်သူများသည် ရေနီကန်ကျေးရွာရှိ စံပြဝက်မွေးမြူရေးခြံသို့ သွားရောက်ပြီး မျိုးဝက်များမွေးမြူထားရှိမှုနှင့် အသားတိုးဝက်များ မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

၂၀၂၆ ခုနှစ်၊ (၇၇) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို လွိုင်ကော်မြို့ရွှေတောင်ပရိယတ္တိစာသင်တိုက်၌ ယနေ့နံနက်(၈)နာရီက ကျင်းပသည်။ အခမ်းအနား၌ ပြည်နယ်ဝန်ကြီးချုပ်က ပအိုဝ်းတိုင်းရင်းသား မျိုးနွယ်စုတို့၏ နေ့ထူးနေ့မြတ်ကို မျိုးဆက်သစ်လူငယ်မောင်မယ်များ အလေးထားတန်ဖိုးထားတတ်စေရန်နှင့် လက်ဆင့်ကမ်းသယ်ဆောင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို စနစ်တကျစုစည်းကာ မိမိဒေသရှိ တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်း ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရန်နှင့် နှစ်စဉ်ကျင်းပလာခဲ့သည့် ရိုးရာယဉ်ကျေးမှုပွဲတော်များကို ပြန်လည်ကျင်းပနိုင်စေရန် အဘက်ဘက်က စီမံဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြည်နယ်အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်စွာနှင့် မိမိတို့၏ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ပြည်နယ်အတွင်းတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များကို အင်တိုက်အားတိုက် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း စပြောကြားသည်။ ထို့နောက် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌက ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသကွပ်ကဲရေးမှူးတို့က ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားအတွက် ချီးမြှင့်ငွေများပေးအပ်ရာ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌက လက်ခံရယူ၍ ဂုဏ်ပြုလွှာပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူးနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးတို့က ပအိုဝ်းစာပေယဉ်ကျေးမှု ဘာသာရပ်ထူးချွန်ဆုရ ကျောင်းသားကျောင်းသူများ၊ သင်ကြားရေးဆရာဆရာမများနှင့် သင်တန်းသား (၃၀၀) တို့အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆုငွေနှင့် အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)