ဘားအံ မတ် ၂
ဒေသတွင်းစားရေရိက္ခာဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက် အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ပြည်နယ်အတွင်းရှိ တောင်သူလယ်သမားဦးကြီးများ၏ စွမ်းဆောင်မှုကို ဂုဏ်ပြုမြှင့်တင်ပေးသောအားဖြင့် (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ တောင်သူလယ်သမားနေ့ အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ်သီရိပျံချီဦးစောမြင့်ဦးကဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက သီးနှံစိုက်စွမ်းအားထူးချွန်မြို့နယ်ဆု၊ မိုးစပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲပုတ်၊ မတ်ပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ဟင်းသီး ဟင်းရွက် စိုက်ပျိုးရေးထူးချွန်တောင်သူဆုများ၊ ဒေသနွား၊ ဒေသဆိတ်၊ ဥစားကြက်၊ အသားတိုးဝက်၊ အသားတိုးကြက်၊ ဥစားဘဲ၊ ငါး မွေးမြူရေးထူးချွန်တောင်သူများအား စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ ဆုရတောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့တက်ရောက်လာသော တောင်သူဦးကြီး များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပြီး (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့အထိမ်းအမှတ် ခင်းကျင်းပြသရောင်းချသော စက်မှုလယ်ယာဦးစီးဌာန၏ လယ်ယာသုံးစက်ကိရိယာအရောင်းပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့၏ တောင်သူအသိပညာပေးပြခန်းများ၊ ဒေသထွက်သဘာဝမြေဩဇာ အရောင်းပြခန်းများ၊ ကရင်ပြည်နယ်ဆီကုန်သည်များအသင်း၊ ဆန်ကုန်သည်များအသင်းတို့၏ အရောင်းပြခန်းများ၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန် ဟင်းသီး ဟင်းရွက်၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် နို့အရောင်းပြခန်းများ၊ ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းအရောင်းပြခန်းများတွင် တောင်သူဦးကြီးများနှင့်ဒေသခံတိုင်းရင်းသားပြည်သူများ ကြည့်ရှုလေ့လာ ဝယ်ယူအားပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)