ကလေး မတ်၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ရတနာပုံ ရွှေဘုံသာစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်လှူခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က အဆိုပါ ရွှေဘုံသာစေတီတော်မြတ်ကြီးဓမ္မာရုဲ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြသည် ဆရာတော်သံဃာတော် အရှင်သူမြတ် ၁၀၈ ပါးတို့မှ စေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကိုကျင်းပခဲ့ပြီး အလှူရှင်အပေါင်းတို့မှ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပခဲ့သည်။
ဆက်လက်၍ ရွှေဘုံသာစေတီတော်မြတ်ကြီးဓမ္မာရုံအတွင်း၌ သံဃာတော်အရှင်သူမြတ်များနှင့် တက်ရောက်လာသူမျာက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ၊ တောင်ဖီလာ ဆရာတော် ဘဒ္ဒန္တရာဇိန္ဒထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဒေသကွပ်ကဲမှူစစ်ဌာနချုပ်(ကလေး)မှ ဒေသကွပ်ကဲရေးမှူး၏ဇနီး၊ ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္တုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် ဒေသကွပ်ကဲမှူစစ်ဌာနချုပ်(ကလေး)မှ ဒေသကွပ်ကဲရေးမှူက သာသနာရေးဆိုင်ရာများ လျောက်ထားခဲ့သည်။ ရွှေဘုံသာစေတီတော်မြတ်ကြီးဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ဦးဆောင်ဘုရားဒါယကာမိသားစုနှင့် ဗိသုကာပညာရှင်များအား ဂုဏ်ပြုမှတမ်းလွှာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ၊ တောင်ဖီလာ ဆရာတော် ဘဒ္ဒန္တရာဇိန္ဒထံမှ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှအတန်းပေးဝေခဲ့ကြပြီး ဆရာတော် သံဃာတော်များနှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဘောဇဉ်များ ကပ်လှူခဲ့ကြပြီး ဧည့်ပရိတ်သတ်များအား ထမင်း၊ ဟင်းများ၊ အချိုပွဲများဖြင့် ကျွေးမွေဧည့်ခံခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)