ခန္တီးမြို့ကျက်သရေဆောင် မြသိန်းတန်စေတီတော်မြတ်၏ (၁၁၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ခန္တီး မတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် အမြိုက်နက်သန်မြတ်နိဗ္ဗာန်ကို ရည်သန်လျက် ဒါန၊ သီလ၊ ဘာဝနာ အစဖြာသည့် ကုသိုလ်ကောင်းမှုအစုစုတို့ကို အတူတကွပြုနိုင်ကြရန်အတွက် မြို့ ကျက်သရေဆောင် မြသိန်းတန်စေတီတော်မြတ်၏ (၁၁၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မတ်လ(၂)ရက်နေ့ နံနက်(၉)နာရီအချိန်က စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွမ်းဆန်စိမ်း‌လောင်းလှူပွဲတွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ မြို့နေပြည်သူများက မြတ်စွာဘုရားအပါအဝင် သံဃာတော်(၁၈၈)ပါး၊ သာမဏေ(၁၈၂)ပါး၊ သီလရှင်(၄၀)ပါး စုစုပေါင်း(၄၁၀)ပါးတို့အား သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။ ဆက်လက်၍ မြသိန်းတန်စေတီတော်ရင်ပြင်တွင် ရေစက်ချအခမ်းအနားပြုလုပ်ရာ ခန္တီးမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပညာဒီပထံမှ (၈)ပါးသီလခံယူဆောက်တည်ကြပြီး ခန္တီးတပ်နယ်မှူးဗိုလ်မှူးကြီး ဇော်ငြိမ်းထိုက်နှင့်ဇနီး၊ ခန္တီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့်ဇနီး၊ ဌာနဆိုင်ရာအကြီးအကဲများက လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြကာ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြသည်။

ထို့နောက် ပင့်သံဃာ၊ သာမဏေနှင့် သီလရှင်အပေါင်းတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဧည့်ပရိသတ်များကိုလည်း ဧည့်ခံဒါနပြုခဲ့ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)