ငါးသိုင်းချောင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲအောင် သံဃာတော်များနှင့်သီလရှင်များအား အောင်လက်မှတ်နှင့်ဆုချီးမြှင့်ပွဲကျင်းပ

ငါးသိုင်းချောင်း  မတ်  ၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ဆင်ယင်ကျင်းပသော(၇၃)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲကို အောင်မြင်တော်မူသောသာသနာ့အာဇာနည် ရှင်သူမြတ်များနှင့်သီလရှင်ဆရာလေးများကို အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ် လှူဒါန်းသောအခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီက မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရွှေတောင်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။    

ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ပါဠိပထမပြန်စာမေးပွဲကြီး၏ နာယကဆရာတော်ဖြစ်တော်မူသော ရွှေတောင်ကျောင်းတိုက်ဆရာတော်ကြီးထံမှ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလခံယူ ဆောက်တည်ကာ စာဖြေအောင်မြင်တော်မူကြကုန်သော စာဖြေသံဃာတော်ရှင်သူမြတ်များနှင့် သီလရှင်ဆရာလေးများအား ဆုအောင်လက်မှတ်တို့ကိုပေးအပ်ကာ၊ အလှူရှင်များမှလည်း လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဩဝါဒစရိယဆရာတော်ကြီးများ၊ စာထောက်၊ စာစစ်ဆရာတော်ကြီးများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ သာသနာ့အကျိုးတော်ဆောင်များ၊ အလှူရှင်များ၊ ဝေယျဝစ္စအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြသည်။ ထို့နောက်နာယက ဆရာတော် ဘုရားကြီးဖြစ်တော်မူသော ရွှေတောင်ကျောင်းတိုက် ဆရာတော်ကြီး၏ ဩဝါဒကိုခံယူကာ ဗုဒ္ဓသာသနံစိရံတိဠထု သုံးကြိမ်ရွတ်ဆိုကာ အခမ်းနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)