တပေါင်းလပြည့်နေ့အခါ၌ ဘိုကလေးမြို့နယ် တာဝတိံသာ စေတီတော်သစ်ကြီးအား စည်ကားသိုက်မြိုက်စွာဖြင့် ထီးတော်တင်လှူ

ဘိုကလေး မတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အထင်ကရစေတီတော်တစ်ခုဖြစ်သည့် တာဝတိံသာစေတီတော်ကြီးသည် (၂၀၂၂)ခုနှစ် ဧပြီလ၌ စောင်းတန်း ပြိုကျပျက်စီးမှုကြောင့် စေတီတော်ဟောင်းအား ဖျက်သိမ်း၍ ရဟန်း၊ ရှင်၊ လူ၊ သာသနာ့ဒါယကာ/မများ၏ ဝိုင်းဝန်းလှူဒါန်းမှုများဖြင့် ငွေကျပ်သိန်းပေါင်း (၁၂၅၀၀) ကျော် အကုန်ကျခံ၍ စေတီတော်သစ်ကြီးအား ပြန်လည်တည်ထားကိုးကွယ်ခဲ့ရာ ယနေ့ တပေါင်းလပြည့်နေ့အခါ မတ်လ(၂)ရက်နေ့ နံနက်( ၇)နာရီ မိနစ်(၂၀) မင်္ဂလာအချိန်၌စေတီတော်သစ်ကြီး၏ အထက်ဌာပနာတော်သွင်းလှူခြင်း၊ အထွဋ်စေတီတော်အား ရွှေထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်လှူခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

တာဝတိံသာစေတီတော်မြတ်ကြီး၏  အထက်ဌာပနာတော်သွင်းလှူခြင်း၊ အထွဋ်စေတီတော်အား ရွှေထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်လှူခြင်း အခမ်းအနားသို့ စေတီတော်တည်ဆောက်ရေး အကျိုးတော်ဆောင် ဆရာတော်၊ သံဃာတော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ စေတီတော်တည်ဆောက်ရေး ကော်မတီဝင်များနှင့် အကျိုးတော်ဆောင်များ၊ သာသနာ့ ဒါယကာ/ဒါယကာမများ တက်ရောက်ကြပြီး အခမ်းအနားအား နမောတဿ (၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့သည်။

ထို့နောက် ဆရာတော်ကြီးများက တာဝတိံသာဘုရားရှိခိုးဂါထာ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆရာတော်ကြီးများထံမှ ဧည့်ပရိသတ်များက သီလခံယူဆောက်တည်ခြင်း၊ စေတီတော်မြတ်ကြီးထံ တင်လှူပူဇော်မည့် ဌာပနာတော်များ၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံဆင့်များကို တာဝန်ရှိသူများက သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်ကြီးများက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းတို့ ဆောင်ရွက်အပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် နှင့် ရွှေထီးတော်ဘုံဆင့်များကို တာဝတိံသာစေတီတော်မြတ်ကြီး တည်ထားသည့် ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်ဝန်းအတွင်း ဆရာတော်ကြီးများနှင့် ဘုရားဒါယကာ/ ဒါယကာမများက (၃)ကြိမ် လှည့်လည်ပူဇော်ခဲ့သည်။

လှည့်လည် ပူဇော်အပြီးတွင် တာဝတိံသာစေတီတော်စောင်းတန်းကြီးအား ဘုရားဒါယကာ/ ဒါယကာမများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခြင်း၊ မော်ကွန်းကျောက်စာအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ခြင်း၊ အမွှေးနံ့သာရည်များဖြန်းပက်ခြင်း၊ အထက်ဌာပနာတော်သွင်းလှူပူဇော်ခြင်း၊ ဆရာတော်၊ သံဃာတော်များ၏ ဦးစီးဦးဆောင်ပြုမှုများနှင့် ရွှေဘုံမြင့် ထီးတော်တင်အဖွဲ့၊  စေတီတော်တည်ဆောက်ရေး ကော်မတီဝင်များ၊ ဘုရားဒါယကာ/ဒါယကာမများက ရွှေထီးတော် ပထမဘုံဆင့်မှ စတင်၍ စိန်ဖူးတော်အထိ အဆင့်ဆင့် တင်လှူပူဇော်ခြင်း၊ ဆရာတော် သံဃာတော်များက တာဝတိံသာ အထွဋ်စေတီ ရုပ်ပွားတော်နှင့် အောင်စကြာစေတီတော် လှိုင်အတွင်းရှိ ရုပ်ပွားတော်များအား အနေကဇာ တင်လှူခြင်း၊ လှူဒါန်းမှုူအစုအစုတို့အတွက် ရေစက်သွန်းချ တရားတော်နာကြားခြင်း၊ ဘုရားဒါယကာ/မများက စေတီတော် ထီးတော်တင်လှူမှု အောင်ခြင်းအထိမ်းအမှတ်အဖြစ် ရွှေမိုး၊ ငွေမိုးများ ရွာသွန်းခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)