သနပ်ပင် မတ်၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် မီးငြိမ်းသတ်ယာဉ်များဖြင့် မီးဘေးသရုပ်ပြခြင်းနှင့် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က သနပ်ပင်မြို့နယ်၊ မြို့မစျေးအတွင်းပြုလုပ်ခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်ပေါ်ပါက အချိန်တိုအတွင်း အရေးပေါ်ဆောင်ရွက်ရမည့် မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းနှင့်အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးလင်းထက်စိုးနှင့်တပ်ဖွဲ့ဝင်များသည် မြို့မစျေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးဘေးလုံခြုံရေးအတွက် ပူးပေါင်းပါဝင် ဇာတ်တိုက်လေ့ကျင့်ခဲ့ခြင်းကို ဈေးတာဝန်ခံများ၊ ဈေးဝန်ထမ်းများ၊ ဈေးသူဈေးသားများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးဘေးလုံခြုံရေးစီမံချက်ပါ အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များ နားလည်သဘောပေါက်ပြီး အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက စနစ်တကျဆောင်ရွက်တတ်စေရန်၊ မီးသတ်ဦးစီးဌာန၏ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြိမ်းသတ်ခြင်းဆိုသော မြန် (၃) မြန်စနစ်အား အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မီးဘေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)